တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကို အဂတိလိုက်စားမှုအတွက် ဆိုးလ်မြို့တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ယနေ့ (အောက်တိုဘာ ၅ ရက်) ချမှတ်လိုက်ကြောင်း သိရပါတယ်။
တောင်ကိုရီးယားမှာ အဂတိလိုက်စားမှုစွဲချက်များဖြင့် ထင်ရှားတဲ့ နိုင်ငံရေးသမားနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ထောင်ဒဏ်ချမှတ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့ပြီး လီမြောင်ဘတ်ဟာလည်း နောက်ဆုံးတစ်ဦးအဖြစ် ပါဝင်လာခဲ့ပါတယ်။
ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရသည့် သမ္မတဟောင်းလီမြောင်ဘတ် (Photo: SCMP)
၎င်းရဲ့နေရာကို ဆက်ခံခဲ့သူ တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ပတ်ဂွမ်ဟေးဟာလည်း အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးစားပြုမှုတို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ်အထိ ကျခံနေရကြောင်း သိရပါတယ်။
ပတ်ဂွမ်ဟေးဟာ သူငယ်ချင်းဖြစ်သူနဲ့ ပူးပေါင်းပြီး အဂတိလိုက်စားမှုမှာ ပါဝင်ပတ်သက်ခဲ့မှုကြောင့် ၂၀၁၇ ခုနှစ် အစောပိုင်းမှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။
ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံရသည့် သမ္မတဟောင်း ပတ်ဂွမ်ဟေး (Photo: AP)
ဆိုးလ်မြို့ ဗဟိုတရားရုံးက လီမြောင်ဘတ်ဟာ ၎င်းနဲ့ညီအစ်ကိုတော်စပ်သူ ဦးဆောင်လုပ်ကိုင်နေတဲ့ ပုဂ္ဂလိက မော်တော်ယာဉ်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၂၁.၇၇ သန်းကို အလွဲသုံးစားပြုမှု၊ ဆမ်ဆောင်းနဲ့ အခြား စီးပွားရေးလုပ်ငန်းများထံမှ လာဘ်ငွေများရယူမှုတို့နဲ့ ပတ်သက်ပြီး ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
တောင်ကိုရီးယား လက်ရှိသမ္မတ မွန်ဂျေအင်း (Photo: Yonhap)
၎င်းကို အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုခဲ့ခြင်းဟာ လက်ရှိသမ္မတ မွန်ဂျေအင်းက နိုင်ငံရေးအရ လက်စားချေခြင်းသာ ဖြစ်တယ်လို့ လီမြောင်ဘတ်က ဆိုပါတယ်။
အမိန့်ချမှတ်တဲ့ ယနေ့ တရားခွင်ကို သမ္မတဟောင်းလီမြောင်ဘတ် လာရောက်ခဲ့ခြင်းမရှိကြောင်းလည်း သိရပါတယ်။ အစိုးရရှေ့နေတွေက သမ္မတဟောင်းလီမြောင်ဘတ်ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ရန် တရားရုံးတော်သို့ တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။
- သမ္မတဟောင်း ပတ်ဂွမ်ဟေးဟာလည်း လာဘ်ပေးလာဘ်ယူမှု အပါအဝင် စွဲချက်အများအပြားဖြင့် စွဲချက်တင်ခံရပြီးနောက် စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသည့် ရိုတေဝူးနှင့် ချန်ဒူးဝမ် (Photo: AP)
Share