လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်း ရရှိခဲ့တဲ့ ပယ်နယ်တီပြစ်ဒဏ်ဘောကို ကန်သွင်းခွင့်မရခဲ့တဲ့ တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်ကို နည်းပြဂွာဒီယိုလာက ပွဲအပြီးမှာ တောင်းပန်စကား ပြောကြားခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။ ဆာဂျီယိုအဂူရိုရဲ့ နေရာကို အစားဝင်လာခဲ့တဲ့ ဂျီးဆပ်ဟာ (၈၆)မိနစ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို ကန်သွင်းခွင့်မရခဲ့တာ ဖြစ်ပါတယ်။
Photo : kikigist
ဒီပယ်နယ်တီကို ကန်သွင်းဖို့အတွက် ဂျီးဆပ်က ပြင်ဆင်ပြီး အသင့်ဖြစ်နေခဲ့ပေမယ့် ဂွာဒီယိုလာက နောက်ခံလူ မန်ဒီကတဆင့် မာရက်ဇ်ကို ကန်သွင်းဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ပယ်နယ်တီကန်သွင်းဖို့ အခွင့်အရေးရခဲ့တဲ့ မာရက်ဇ်ကန်သွင်းခဲ့ရာမှာတော့ ဂိုးဘားပေါ် ကျော်သွားပြီး ဂိုးမရခဲ့လို့ အဝေးကွင်းမှာ သရေတစ်မှတ်နဲ့သာ မန်စီးတီး ကျေနပ်ခဲ့ရပါတယ်။
နှစ်ပွဲဆက်တိုက် တစ်ပွဲကို (၂)ဂိုး သွင်းယူခဲ့ပြန်တဲ့ ဝိန်းရွန်နီ
Photo : Euro Sports
"ဂျီးဆပ်က ပယ်နယ်တီကန်သွင်းချင်ခဲ့ပါတယ်၊ ဒီအတွက် သူ့ကို တောင်းပန်ပါတယ်၊ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ မာရက်ဇ်က အချိန်တိုင်း ပယ်နယ်တီကန်သွင်းခဲ့တာပါ၊ ဒါက သူ့အပေါ်ကို ကျွန်တော် ယုံကြည်မိလာအောင် စွမ်းဆောင်ပြနိုင်ခဲ့တာပါ၊ သူ့အတွက် အတွေ့အကြုံကောင်းတစ်ခုတော့ ရသွားမှာပါ၊ နောက်တစ်ကြိမ်တော့ သူ ဂိုးသွင်းနိုင်မှာပါ" လို့ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။
Photo : Flipboard
ဒီပွဲရလာဒ်ကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ မန်စီးတီး၊ ချယ်လ်ဆီး နဲ့ လီဗာပူးလ်တို့ဟာ အမှတ်တူနေခဲ့ပြီး ဂိုးကွာခြားချက်နဲ့ အစဉ်လိုက်ရပ်တည်နေခဲ့ကြပါတယ်။ သရေတစ်မှတ်သာ ရရှိခဲ့ပေမယ့်လည်း နောက်ဆုံး (၃)ကြိမ်တွေ့ခဲ့ရာမှာ ပွဲတိုင်းရှုံးခဲ့တဲ့ လီဗာပူးလ်ဆီက အမှတ်ရခဲ့တဲ့ အတွက် ဂွာဒီယိုလာက ပျော်ရွှင်နေပါတယ်။
Photo : Evening Standard
"ရမှတ်တစ်မှတ်ပါ၊ အန်ဖီးလ်မှာ နိုင်ပွဲရဖို့နီးစပ်ခဲ့တာပါ၊ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီတွေမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲတွေထက် ပိုကောင်းခဲ့ပါတယ်၊ ဒီပွဲကို အကောင်းဆုံး ကျွန်တော်တို့ ကစားနိုင်ခဲ့ပါတယ်၊ အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်၊ အသင်းရဲ့ ခြေစွမ်းကို ကျေနပ်မိပြီး လီဗာပူးလ်ကို ဂိုးကန်သွင်းခွင့်မရအောင် တားဆီးနိုင်ခဲ့ပါတယ်၊ ဒါက အန်ဖီးလ်ပါ၊ ဒီလိုဖန်တီးနိုင်ဖို့က အရမ်းခက်ပါတယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။