သက်မွန်မြင့်ဟာ အဝေးချစ် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အသက် ၃၀ ကျော်အရွယ် တေးသီသူ ဆိုတဲ့ မိန်းကလေးတစ်ယောက် နေရာက ပါဝင် သရုပ်ဆောင်ထားပါတယ်။ အတွေးအခေါ်ကောင်းလေးတွေပါ တဲ့ အချစ်ကားဆန်းဆန်းလေးလည်းဖြစ်တယ်လို့ ဆိုပါတယ်။
သရုပ်ဆောင် သက်မွန်မြင့်က မကြာခင်ရုံတင်ပြသသွားမယ့် ''အဝေးချစ်'' ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အသက် ၃၀ကျော်အရွယ် တေးသီသူ ဆိုတဲ့ မိန်းကလေးတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူပါဝင်ရတဲ့ ကာရိုက်တာအပေါ်မှာလည်း သဘောကျနှစ်သက်တဲ့ အကြောင်းတွေကို မီဒီယာတွေကနေတဆင့် အခုလို ပြောပြလာပါတယ်။
'' ဒီဇာတ်ကားက ကာရိုက်တာလေးကတော့ သက်မွန်ပုံစံနဲ့ ကိုက်တယ်လို့တော့ထင်တယ်။ အချစ်ကားလေးလည်းဖြစ်တယ်။ အတွေးအခေါ် လေးတွေလည်းပါတော့ ကာရိုက်တာလေးကို သဘောကျတယ်။ ကိုယ့်အသက်အရွယ်နဲ့ ကွက်တိဖြစ်နေတာပေါ့။ ကိုယ့်ပုံစံနဲ့တော့ ပါနေပါ တယ်'' လို့ သူကဆိုပါတယ်။
သက်မွန်မြင့်က ဇာတ်ကားထဲက ဇာတ်ကောင် တေးသီသူရဲ့ အသက်နဲ့ အပြင်က အသက်နဲ့က သိပ်မကွာဘူးလို့ဆိုပါတယ်။ ဇာတ်ကားထဲမှာ ရင့်ကျက်မှုမရှိသေးတဲ့ကလေးပေါကြီးတစ်ယောက်လို သရုပ်ဆောင်ထားတယ် ဆိုတာကို အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာပြုလုပ်ခဲ့တဲ့ '' အဝေးချစ်'' ရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
'' အသက်က ၃၀ ကျော်သွားပြီ အပျိုကြီးစာရင်းဝင်သွားတာပေါ့နော်။ အပျိုကြီးစာရင်းဝင်သွားတဲ့အချိန်မှာ ကိုယ့်ထက် ၈ နှစ်လောက်ငယ်တဲ့ ကောင်လေးနဲ့ အချစ်ဇာတ်လမ်းဖြစ်သွားတာပေါ့။ ဒါပေမယ့် အသက် ၃၀ သာကျော်သွားတယ် အတွေးအခေါ်ကတော့ မရင့်ကျက်သေး ဘူးပေါ့၊ ရင့်ကျက်တဲ့သူ မဟုတ်ဘူးပေါ့၊ ဇာတ်ကားထဲမှာလည်း ကလေးပေါကြီးလို ပုံစံမျိုးနေရတာပေါ့'' လို့ သူကဆိုပါတယ်။
အရည်အချင်းရှိရှိနဲ့ ရပ်တည်ချင်တဲ့သူ ဖြစ်ချင်တဲ့ သက်မွန်မြင့်
အဝေးချစ် ရုပ်ရှင်ဇာတ်ကားဟာ အချစ်ဇာတ်ကား ရို့မန့်ဆန်ပေမယ့် စဉ်းစားတွေးခေါ်သင့်တဲ့ ရသတွေ ပါတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ဇာတ် ကားထဲမှာမဟုတ်ပဲ အပြင်လောကမှာရှိနေတဲ့ အကြောင်းအရာလေးတွေကိုလည်း ထည့်သွင်းထားတယ်လို့ သက်မွန်မြင့်က ဆက်လက် ပြောပြ ထားပါတယ်။
'' အချစ်ဇာတ်ကားသက်သက်မဟုတ်ပဲ အတွေးအခေါ်လေးတွေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘဝလက်တွဲတဲ့ အခါမှာ ဘယ်လို နားလည်မှုပေးရမယ် ဆိုတာကို ပါးပါးလေးထည့်သွားတယ်။ အပြင်မှာဖြစ်တတ်တဲ့ သဘောလေးတွေလည်း ပါတယ်ဆိုတော့ အချစ်ဇာတ်ကား ဆိုပေမယ့် အရသာ အများကြီးပါတယ်'' လို့ ဆိုပါတယ်။
အဝေးချစ် ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ ၁၂ ရက်နေ့က စပြီးမြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသ သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ အောင်ရဲလင်း၊ ထွန်းကိုကို၊ စိုးမြတ်သူဇာ သက်မွန်မြင့်၊ သန္တာဗို တို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ အဝေးချစ် ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးပုံဖော်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။