ဖြူဖြူကျော်သိန်းတစ်ယောက် လေဆိပ်ကိုသွားတဲ့ ဖက်ရှင်က ဒေါ်လာ ၁၀၀ မပြည့်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ သူ ဟာ ရပ်ကွက်ထဲ မှာနေသူဖြစ်ပြီး အိမ်နီးချင်းတွေနဲ့လည်း ရင်းနှီးမှုရှိပါတယ်လို့ဆိုပါတယ်။
အဆိုတော် ဖြူဖြူကျော်သိန်းက သူ့ရဲ့ လေဆိပ်သွားတဲ့ ဖက်ရှင်ဟာ ဒေါ်လာ ၁၀၀ မပြည့်ဘူးဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်Page မှာ တင်ခဲ့ ပါတယ်။ ဒီလို တင်လိုက်တာကလည်း စတတ်၊ နောက်တတ်တဲ့ သူ့ရဲ့ ဝါသနာကြောင့် တင်လိုက်တာပါ ဆိုပြီးတော့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
'' Discount ချတုန်းတွေချည်း အကုန်ဝယ်ထားတာ ပေါင်းလိုက်ရင် ၁၀၀ လုံးဝမပြည့်ဘူး။ ဖြူဖြူက အဲ့ဒီလိုပဲ ဖြူဖြူ့ Page မှာ အနှောက် တင် နေကြလေ အရင်ကလည်း ဒီလိုပဲ တင်နေကြ၊ ခွီရ နှောက်ရတာ ဝါသနာပါတယ်။ ပရိသတ်တွေလည်း သိကြပါတယ်။ ဖြူဖြူ ပိုင်ဆိုင်ထား တဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာက အများကြီးပို တန်ဖိုးရှိတယ်'' လို့ ဆိုပါတယ်။
ဖြူဖြူဟာ နိုင်ငံကျော်အဆိုတော် တစ်ယောက်ဖြစ်ပေမယ့် အချမ်းသာဆုံး စာရင်းဝင်ထဲမှာ မပါဘူးလို့ဆိုပါတယ်။ သူမဟာ သာမန်လူနေ ရပ်ကွက်မှာ နေထိုင်ပြီး အိမ်နီးချင်းတွေနဲ့ပါ ရင်းရင်းနှီးနှီးရှိတယ်ဆိုတာကို အောက်တိုဘာလ ၉ ရက်နေ့က '' Strom'' တေးစီးရီး မိတ်ဆက် ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
'' အိမ်လာဖူးတယ် မဟုတ်လား၊ မြန်မာပြည်က သူဌေးတွေ အိမ်လို ဖြစ်နေလို့လား။ ဖြူဖြူ ရပ်ကွက်ထဲမှာပဲ နေပါတယ်။ အိမ်နီးချင်းတွေနဲ့ လည်း ခင်ခင် မင်မင် ပေါင်းပါတယ်။ ဖြူဖြူ့မှာ ဂျနီဖာလိုပက်စ်တို့၊ စနင်းလေယွန်းတို့လိုမျိုး ခြံအကျယ်ကြီးနဲ့ တိုက်တွေလည်း အများကြီး မရှိပါဘူး။ ကွန်ဒိုတိုက်ခန်းလေးရယ်၊ ကားလေးတစ်စီးရှိတယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။
အမိုက်စားသီချင်းနဲ့ ပရိသတ်ကို မိတ်ဆက်ပေးမယ့် ဖြူဖြူကျော်သိန်း
Photo: ဖြူဖြူကျော်သိန်းဖေ့စ်ဘွတ်
ဖြူဖြူကျော်သိန်းဟာ သူမရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ အနုပညာအလုပ်ဖြစ်တဲ့ သီချင်းဆိုတာနဲ့ပဲ ရှာဖွေထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို အနေအထားတွေကြောင့်လည်း ဝမ်းနည်းမိတာမျိုး မရှိဘူးလို့ ဆက်လက်ဖြေဆိုထားပါတယ်။
'' ဒါကလည်း သမာအာဇီဝ နဲ့ သီချင်းဆိုခြင်းအနုပညာအလုပ်တစ်ခုတည်းနဲ့ ရှာဖွေရသလောက်ပေါ့နော်။ ဒါက မြန်မာပြည်မှာ သန်းကြွယ် သူဌေး ၁ ကနေ ၅၀ အတွင်းတောင် ဘယ်လိုမှ မဝင်နိုင်ပါဘူး။ ဘယ်လိုမှလည်း မဖြစ်နိုင်ပါဘူး အဲ့ဒါမျိုးဆိုတာက နိုင်ငံခြားမှာပဲဖြစ်နိုင်တာ လေ။ ဒါက ကိုယ့်နိုင်ငံရဲ့ ကြွယ်ဝမှု အတိုင်းအတာအလျှောက်ပဲ ရှိတတ်တာပေါ့။ ဒီအတွက်လည်း ဝမ်းမနည်းပါဘူး'' သူကဆိုပါတယ်။
Photo: ဖြူဖြူကျော်သိန်းဖေ့စ်ဘွတ်
ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူကျော်သိန်းဟာ ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာခင်ထွက်ရှိတော့မယ့် Strom Album ကိုလည်း စောင့်မျှော်နေတဲ့ ပရိသတ်တွေ အများကြီးပါ။