ကျော်ထက်အောင်က ဒီဇင်ဘာလ ထဲမှာလည်း ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အသံရယ်၊ အသက်ရယ်၊ ဟန်ရယ် လိုက်ဖက်မှုရှိမယ့် ဇာတ်ကားတွေပဲ ရိုက်ကူးမယ်လို့ ဆိုပါတယ်။
သရုပ်ဆောင် ကျော်ထက်အောင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ မကြာခင်က ရုံတင်ပြသခဲ့တဲ့ ချုဆီရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အားပေးမှုတွေရခဲ့ပါတယ်။ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ထပ်ရှိသေး တယ်လို့လည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။
'' ၁၂ လပိုင်းဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီး ထပ်ရိုက်ဖို့ ရှိပါတယ်။ ရိုက်ထားတဲ့ ဇာတ်ကားတွေကလည်း စရိုက်ကြမ်းကြမ်းနဲ့ ထွက်မလာ သေးဘူး ပေါ့နော်။ ကြယ် ဆိုတဲ့ ဇာတ်ကားလည်းရှိတယ်၊ ပြီးတော့ ညှိုးညှိုးနွမ်းနွမ်းနဲ့ လုပ်ခဲ့ရတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။ နောက်ထပ် လာမယ့် ဇာတ်ကားတွေမှာက ကိုယ့်ဇာတ်လည်းဖြစ်သလို ကိုယ်ဦးဆောင်သွားရမှာတွေ များနေပါပြီ'' လို့ သူကဆိုပါတယ်။
KTV မန်နေဂျာတစ်ယောက်ကာရိုက်တာမြင်ရဦးမယ့် ကျော်ထက်အောင်
ကျော်ထက်အောင်ဟာရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါမှာလည်း လိုက်ဖက်မှုရှိတဲ့ ဇာတ်ကောင်ပုံစံတွေကိုသာ ရွေးချယ်ရိုက်ကူးဖြစ်တဲ့ အကြောင်းဆက်လက်ပြောပြလာပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကောင်ကိုပဲ ရိုက်လေ့ရှိတယ်လို့ အောက်တိုဘာလ ၁၁ ရက်နေ့က မင်္ဂလာရုံရှင်ရုံ အသစ် ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
'' ကျွန်တော်ကတော့ ကိုယ့််အသက်အရွယ်နဲ့လိုက်တယ်။ ကျွန်တော့်ရဲ့ အသက်ရယ်၊ အသံရယ်၊ ဟန်ရယ် လိုက်ဖက်မယ့် ဇာတ်ကောင်တွေဆို ပိုပြီးတော့ သရုပ်ဆောင်ဖြစ်ဖို့ များပါတယ်။ အဲ့ဒီဘက်ကို ပိုပြီးတော့ အားသန်တယ်။ ကျွန်တော့် အသံရယ်၊ အသက်ရယ်၊ ဟန်ရယ် မလိုက်တဲ့ ဇာတ်မျိုးကိုတော့ ကျွန်တော် သဘောမကျပါဘူး'' လို့ဆိုပါတယ်။
Photo: ကျော်ထက်အောင်ဖေ့စ်ဘွတ်
ကျော်ထက်အောင်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကနေ စပြီး အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးနဲ့သာ ဇာတ်ကားတွေရိုက်ခဲ့တယ်လို့ သိရ ပါတယ်။ ဒါကြောင့် ရုပ်ရှင်ရိုက်မယ်ဆိုရင် အားလုံး တိုင်တိုင်ပင်ပင်ဆောင်ရွက်ပြီးမှသာ ရိုက်လေ့ရှိတယ် လို့ သူကဆိုပါတယ်။
'' ကျွန်တော့်ကို ဇာတ်ကားအပ်တာမဟုတ်ပဲနဲ့ ကျွန်တော်က အောင်ခေတ်မင်းရဲ့ သားပေါ့နော်။ အဲ့ဒီလို ဆိုတော့ ကျွန်တော်တို့ ဇာတ်တစ်ဇာတ် ကိုရွေးရင် ခေါင်းခြောက်အောင် တစ်ထိုင်တည်းရွေးကြပါတယ်။ အကြိမ်ပေါင်းများစွာ ဆွေးနွေးတယ်၊ အကြိမ်ပေါင်းများစွာတွေ့တယ်။ ပြီးတော့ အကြိမ်ပေါင်းများစွာ တိုင်ပင်ပြီးတော့မှ ဆုံးဖြတ်ချက် ချတာပါ'' လို့ ပြောပြခဲ့ပါတယ်။
Photo: ကျော်ထက်အောင်ဖေ့စ်ဘွတ်
ကျော်ထက်အောင်ဟာ Myanmar Idol Season 1 ကတည်းက ပရိသတ်တွေ အားပေးမှုကို များစွာရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် နာမည်ရလာပြီး အခုဆိုရင် ခေါင်းဆောင်မင်းသား တစ်ယောက်အဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီး တွေရိုက်ကူးနေရပါပြီ။ လက်ရှိမှာလည်း သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။