အစ်ကိုဖြစ်သူ ဟိန်းဝေယံ ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ညီမလေး စွဲညှို့ရှင်က အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ အစ်ကိုဖြစ်သူ အပေါ် သစ္စာ ရှိပြီး နားလည်မှုအပြည့်အဝ ပေးနိုင်မယ့် မိန်းကလေးကို သဘောကျတယ်လို့ ဆိုပါတယ်။
Photo: Shwe Sin Win Ko
သရုပ်ဆောင် ဟိန်းဝေယံရဲ့ ညီမလေးအရင်းဖြစ်တဲ့ စွဲညှို့ရှင်က အစ်ကိုဖြစ်သူအတွက် ဘဝလက်တွဲဖော်ကို မရှာပေးပါဘူးတဲ့ ။ အစ်ကို့ ဖြစ်သူရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ညီမတစ်ယောက်ရဲ့ ဆန္ဒတွေကို မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။
'' ကိုယ့်အစ်ကိုကို ရှာပေးဖို့ထက် အစ်ကို သဘောကျတဲ့ မိန်းကလေးက ပိုအရေးကြီးပါတယ်။ ညီမတို့ ရှာပေးတာနဲ့ သူနဲ့ အဆင်မပြေဘူးဆိုရင် အလကားပဲလေ။ ဒါကြောင့် သူကိုယ်တိုင် ချစ်ပြီး နှစ်သက်တဲ့ မိန်းကလေးဆိုရင်၊ သူ့ကိုလည်း ချစ်တဲ့သူဆိုရင် ပိုအဆင်ပြေပါတယ်၊ ညီမ တစ် ယောက် အနေနဲ့တော့ အစ်ကို့အပေါ် အရာရာ နားလည်ပေးနိုင်တဲ့ မိန်းကလေးဆိုရင်တော့ ပိုသဘောကျတယ်'' လို့ ဆိုပါတယ်။
လူပျိုလေးလို့ပဲ အခေါ်ခံရသေးတယ် ဆိုတဲ့ ဟိန်းဝေယံ
Photo: Hein Wai Yan
ဟိန်းဝေယံရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မိဘတွေရဲ့ သတ်မှတ်ချက် တစ်ခုရှိပါတယ်။ ဆွေဂုဏ်မျိုးဂုဏ်ရှိတဲ့ မိန်းကလေး နဲ့ ဆို သဘာတူတယ် ဆိုတဲ့ အကြောင်းအရာအပေါ် စွဲညှို့ရှင်က အောက်တိုဘာလ ၂၀ ရက်နေ့က မင်းသမီးပိုးထည်တိုက် ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာဖြစ် ပါတယ်။
'' ဆွေဂုဏ်မျိုးဂုဏ်ဆိုတာကလည်း အဖေတို့ပြောတဲ့ သဘောက အစ်ကိုနဲ့ အဆင်ပြေပြေ၊ အစ်ကို့ကိုလည်း သစ္စာရှိရှိ၊ ပြီးတော့ မိဘစကားနား ထောင်တာ လိမ္မာယဉ်ကျေးမှုရှိတာဆိုရင်တော့ သဘောတူတယ်လို့ပြောချင်တာ။ ညီမတစ်ယောက်ဖြစ်တာကြောင့်လည်း အစ်ကိုရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စတွေမှာ ဝင်မပြောဖြစ်ဘူး'' လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Hein Wai Yan
ဟိန်းဝေယံနဲ့ စွဲညှို့ရှင် တို့ မောင်နှမ နှစ်ဦးက အနုပညာအကြောင်းအရာတွေသာမကပဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေပါ တိုင်တိုင်ပင်ပင် ရှိကြတယ်လို့ ဆိုပါတယ်။ ညီမဖြစ်သူရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ဟိန်းဝေယံက ပြောပြတာမျိုးတွေရှိလို့လို့ သူကဆိုပါတယ်။
'' အကြံပေးဖြစ်တာကတော့ အများကြီးမရှိပါဘူး။ ဒါပေမယ့်လည်း အစ်ကိုကကျတော့ ညီမကိုပြောဖြစ်တာက ကိုယ်သဘောကျတဲ့သူ ကိုယ်ချစ် တဲ့သူဆိုရင် သေချာစဉ်းစားပေါ့နော်။ ဒါပေမယ့် အစ်ကိုလို့ အပူတွေ မရှာပါနဲ့ လူပျိုကြီးပဲလုပ်ပါ လို့ပြောပြန်ပြောဖြစ်တယ်'' လို့ သဘောကျ ရယ် မာရင်း ပြောပြခဲ့ပါတယ်။
Photo: Shwe Sin Win Ko
စွဲညှို့ရှင် ဟာ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ မာန်ထက်ချီ ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးနဲ့အတူ ဇာတ်ကားတွေရိုက်ထားပါသေးတယ်။ အဲ့ဒီ နောက် သရုပ်ဆောင် ဟိန်းဝေယံရဲ့ ညီမလေး အဖြစ် ပရိသတ်တွေ ပိုပြီးအားပေးလာကြတာဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ် တွေ လုပ်ဖြစ်နေသေးတယ်လို့ ဆိုပါတယ်။