တစ်ပွဲပိုကန်ပြီး ဇယားထိပ်ကို ဦးဆောင်လိုက်တာပါ။

ပရီးမီးယားလိဂ် ပွဲစဉ် (၁၀)ကို ဒီနေ့ ဆက်လက်ကစားခဲ့ရာမှာ အသင်းကြီးပွဲစဉ် အနည်းငယ်သာ ရှိခဲ့ပါတယ်။ လီဗာပူးလ်က ကာဒစ်နဲ့ ကစားခဲ့ရပြီး အိမ်ကွင်းမှာ နိုင်ပွဲရခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်သွားခဲ့ပါတယ်။ ဆာလာ၊ မာနေး၊ ရှာကွီရီတို့ရဲ့ သွင်းဂိုးတွေနဲ့ အန်ဖီးလ်မှာ နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။



 

လီဗာပူးလ်မှာ ပုံမှန်တိုက်စစ်အတွဲဖြစ်တဲ့ မာနေး၊ ဖာမီနို နဲ့ ဆာလာတို့ ပါဝင်ခဲ့ပြီး ကွင်းလယ်မှာ ဝိုင်နယ်ဒမ်၊ လယ်လာနာ နဲ့ ဖာဘင်ဟိုတို့ တာဝန်ယူခဲ့ပါတယ်။ နောက်တန်းမှာတော့ မော်ရီနိုကို ပွဲကစားခွင့်ပေးခဲ့ပြီး ဗန်ဒိုက်၊ လိုဗရန် နဲ့ အာနိုးလ်တို့ ရှိနေခဲ့ပြီး ဂိုးသမားအဖြစ်  အယ်လစ်ဆန်က ပါဝင်ခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပွဲစကတည်းက နိုင်ပွဲရဖို့အတွက် အာရုံစိုက်ခဲ့ပြီး ကာဒစ်ကို ဖိအားပေးကစားခဲ့ပါတယ်။ ကစားပုံကောင်းမွန်ခဲ့သလို အချိတ်အဆက်ပိုင်းမှာလည်း လီဗာပူးလ် ကစားသမားတွေက နားလည်မှု ပြည့်ဝနေခဲ့ပြီး တွဲလုံးတွေကတဆင့် ထိုးဖောက်မှုဟာ ကာဒစ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်မှာ ဆာလာ နဲ့ မာနေးတို့ ခြေစွမ်းပြခဲ့ပြီး ဂိုးပြတ်နိုင်ပွဲရအောင် သူတို့က ဖန်တီးနိုင်ခဲ့တာပါ။

 

ပွဲကစားချိန် (၁၀)မိနစ်မှာ ဆာလာက မာနေးကြောင့် ရရှိလာတဲ့ အခွင့်အရေးကို ဧရိယာထဲက အပိုင်ပိတ်သွင်းပြီး အဖွင့်ဂိုး ရယူခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး ဂိုးထပ်ရဖို့ လီဗာပူးလ်တို့ ကြိုးစားခဲ့ပေမယ့် တစ်ဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒုတိယပိုင်းအစမှာလည်း ကာဒစ်ရဲ့ဖိအားပေးကစားပုံကြောင့် ဂိုးရဖို့ လီဗာပူးလ် အခက်တွေ့ခဲ့ပါတယ်။

 

ဒါပေမယ့် လီဗာပူးလ်ရဲ့ တိုက်စစ်ထိုးဖောက်မှုကို ကာဒစ်တို့ ကြံ့ကြံ့မခံနိုင်ခဲ့လို့  (၆၆)မိနစ်မှာ မာနေးက တစ်ကိုယ်တော်အစွမ်းနဲ့ ခြေစွမ်းပြပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းပြီး ဒုတိယဂိုးရယူပေးခဲ့ပါတယ်။ (၇၇)မိနစ်မှာ လီဗာပူးလ်နောက်တန်းနဲ့ဂိုးသမားတို့ နားလည်မှုလွဲမှားမှုကို ပက်တာဆန်က အခွင့်ကောင်းယူပြီး ချေပခဲ့လို့ ကာဒစ် ချေပဂိုးရပြီး သရေမျှော်လင့်နိုင်ခဲ့ပါတယ်။

 

ဂိုးပြန်ပေးရပြီးနောက် လီဗာပူးလ်က ဆက်တိုက်ဖိအားပေးကစားခဲ့ပြီး ဆာလာရဲ့ဖန်တီးပေးမှုကနေ ရှာကွီရီက (၈၄)မိနစ်မှာ ဧရိယာထဲနေ အပိုင်ပိတ်သွင်းခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ဆာလာရဲ့ ဖန်တီးမှုကနေပဲ မာနေးက (၈၇)မိနစ်မှာ ကာဒစ်ဂိုးသမားကို ကျော်ပြီး ကန်သွင်း ယူခဲ့လို့ လီဗာပူးလ်တို့ (၄)ဂိုးအထိ ရရှိခဲ့ပါတယ်။ ဒီ (၄)ဂိုး စလုံးကို လီဗာပူးလ်ဟာ ဂိုးဧရိယာထဲကနေပဲ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

 

ဒီနိုင်ပွဲကြောင့် လီဗာပူးလ်တို့ အမှတ်ပေးဇယားမှာ တစ်ပွဲပိုကန်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ အခြားပွဲစဉ်တွေမှာတော့ ဘရိုက်တန်က ဝုလ်ဗ်ကို တစ်ဂိုး-ဂိုးမရှိ၊ ဘုန်းမောက်က အဝေးကွင်းမှာ ဖူလ်ဟမ်ကို ၃-၀ ဂိုး၊ ဝက်ဖို့ဒ်က ဟတ်ဒါဖီးလ်ကို ၃-၀ ဂိုးနဲ့ အသီးသီးအနိုင်ရရှိခဲ့ပြီး ဆောက်သ်တန်နဲ့ နယူးကာဆယ်တို့ကတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က