ဂျကာတာမြို့မှ ပျံတက်ခဲ့ပြီး မကြာမီ ဂျာဗားကျွန်းကမ်းလွန် ပင်လယ်ထဲကို ပျက်ကျခဲ့ပါတယ်။

Lion Air လေကြောင်းလိုင်းမှ ခရီးသည်လေယာဉ်တစ်စီး အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းကမ်းလွန် ပင်လယ်ပြင်မှာပျက်ကျခဲ့ပါတယ်။ လူဦးရေ ၁၈၈ ဦး လိုက်ပါလာတဲ့ Boeing 737 MAX 8 လေယာဉ်ဟာ ယနေ့ (အောက်တိုဘာ ၂၉ ရက်) မနက်ပိုင်းမှာ ဂျကာတာမြို့မှ ပျံတက်ခဲ့ပြီး မကြာမီ ပင်လယ်ထဲကို ပျက်ကျခဲ့ပါတယ်။


Photo: CGTN



အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးဌာနက JT610 ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ကြောင်းနဲ့ အဆိုပါလေယာဉ်ဟာ လေဆိပ်မှပျံတက်ပြီးနောက် ၁၃ မိနစ်အကြာမှာ လေကြောင်းထိန်းသိမ်းရေးနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ပြောပါတယ်။

Photo: AFP



လေယာဉ်ဟာ ဂျကာတာမြို့မှ Bangka Belitung ကျွန်းစုရှိ Pangkal Pinang မြို့ကို ဦးတည်ပျံသန်းစဉ် ပင်လယ်ထဲကိုပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျပြီးနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ အသက်ရှင်ကျန်သူ မတွေ့ရှိရသေးကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

Photo: BNPB Indonesia



"ကျွန်တော်တို့ အခုချိန်ထိ အသက်ရှင်သူရှိ မရှိ မသိသေးပါဘူး၊ လေယာဉ်က ရေအောက်ထဲကို ၉၈ ပေကနေ ပေ ၁၃၀ အနက်လောက်အထိရောက်အောင် ပျက်ကျသွားခဲ့ပါတယ်၊ ကျွန်တော်တို့ ရှာဖွေနေဆဲဖြစ်ပါတယ်၊ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ ဆုတောင်းပါတယ်၊ ဒါပေမဲ့ အတည်မပြုနိုင်သေးပါဘူး" လို့ ရှာဖွေကယ်ဆယ်ရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ယူဆွတ်ဖ်လာတစ်ဖ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

Photo: AFP



ပင်လယ်ထဲကို ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှ နို့စို့အရွယ်ကလေးနှစ်ဦးနဲ့ ကလေးငယ်တစ်ဦး အပါအဝင် ခရီးသည်စုစုပေါင်း ၁၈၁ ဦး၊ လေယာဉ်မှူးနှစ်ဦးနဲ့ အခြား လေယာဉ်အမှုထမ်းငါးဦးလည်း လိုက်ပါသွားခဲ့ကြောင်း လေကြောင်းလိုင်းက အတည်ပြုထားပါတယ်။

Photo: BNPB Indonesia



JT610 ခရီးသည်တင်လေယာဉ်ဟာ Boeing 737 MAX 8 အမျိုးအစား လေယာဉ်အသစ်တစ်စီးဖြစ်ပြီး ဂျကာတာမြို့ကနေ ယနေ့မနက် ၆ နာရီ ၂၀ မိနစ်မှာ ထွက်ခွာသွားခဲ့ပြီး Pangkal Pinang မြို့ကို တစ်နာရီကြာခရီးးစဉ် ပျံသန်းနေစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၂၃ ဦးထက်မနည်းလည်း လိုက်ပါသွားခဲ့တယ်လို့ ဆိုပါတယ်။

Infographic: Rafa Estrada/CNA



ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ လေယာဉ်အပျက်အစီးတွေနဲ့ ခရီးသည်တွေရဲ့ ပစ္စည်းတွေကို ပင်လယ်ရေအောက်အနက် ၉၈ ပေမှ ပေ ၁၃၀ မှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာ JT610 ခရီးသည်တင်လေယာဉ် ပျက်ကျရတဲ့အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးရေးမှူးတွေက လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာနဲ့ လေယာဉ်မှူအခန်းမှ အသံဖမ်းကိရိယာတို့ကနေ အချက်အလက်များကို ရယူနိုင်ရန် လုပ်ဆောင်နေကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

- ဆက်စပ်သတင်း

ယာဉ်ကြောပိတ်ရာမှာ အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုမှာမပါဘဲ သေကံမရောက်ခဲ့သူ

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က