အမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ လီဗာပူးလ် နဲ့ ဖူလ်ဟမ်တို့ရဲ့ ပွဲကို ဒီနေ့ညနေ (၆း၀၀)နာရီမှာ ကစားခဲရာမှာ လီဗာပူးလ်အသင်းက အိမ်ကွင်းမှာ ဖူလ်ဟမ်ကို  (၂-ဝ)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးတို့ကို ဖိအားပေးနိုင်ခဲ့ပါတယ်။



 

လီဗာပူးလ်အသင်းမှာ ကစားသမားအစုံအလင် ပါဝင်လာခဲ့ပြီး တိုက်စစ်မှာတော့ မာနေး၊ ဆာလာ၊ ဖာမီနိုတို့ ပါဝင်ခဲ့ပြီး ကွင်းလယ်မှာ ရှာကွီရီကို ပွဲထွက်အသုံးပြုခဲ့ကာ ဖာဘင်ဟို၊ ဝိုင်နယ်ဒမ်တို့နဲ့ တွဲဖက်ပေးခဲ့ပါတယ်။ ဖူလ်ဟမ်မှာ တိုက်စစ်မှူး မီထရိုဗစ် ပြန်လည်ပါဝင်လာခဲ့သလို ဆက်ဆက်နွန်၊ ရှာရယ်၊ တွမ်ကာရီနေးတို့နဲ့ လူစုံပါဝင်ခဲ့ပါတယ်။

ပထမပိုင်းမှာ လီဗာပူးလ်က ဖူလ်ဟမ်ကို အကြိမ်ကြိမ် ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့် အများအပြား ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်မှူးတွေ ဂိုးသွင်းမသေချာခဲ့လို့ အဖွင့်ဂိုးနဲ့ လွဲချော်နေခဲ့ပါတယ်။ ဖူလ်ဟမ်ကလည်း တန်ပြန်တိုက်စစ်တွေကနေ လီဗာပူးလ်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဆက်ဆက်နွန်ရဲ့ ကန်သွင်းချက် ဂိုးတိုင်ဘေးနားက ကပ်ထွက်ခဲ့လို့ လီဗာပူးလ်တို့ သက်သာရာရခဲ့ပါတယ်။

ပွဲကစားချိန် (၄၁)မိနစ်မှာတော့ အာနိုးလ်ရဲ့ ဖန်တီးပေးမှုကို ဆာလာက ဆွဲပြေးခဲ့ပြီး ဂိုးဧရိယာထဲကနေ အပိုင်ပိတ်သွင်းယူခဲ့လို့ လီဗာပူးလ်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ ပထမပိုင်းမှာ အနည်းဆုံး (၃)ဂိုးလောက် ရရှိသင့်တဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း တစ်ဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

 

ဒုတိယပိုင်းမှာလည်း ပွဲကို လီဗာပူးလ်ကသာ ထိန်းချုပ်နိုင်ခဲ့တာပါ။ ဖူလ်ဟမ်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ တစ်ဖက်သတ်ကစားနိုင်ခဲ့ပြီး ပွဲကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း (၅၇)မိနစ်မှာ သွင်းယူခဲ့တဲ့ ရှာကွီရီရဲ့ အပိုင်ပိတ်သွင်းမှု သွင်းဂိုးတစ်ဂိုးတည်းသာ ထပ်ရခဲ့လို့ လီဗာပူးလ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့ပါတယ်။

 

ဒီနိုင်ပွဲကြောင့် လီဗာပူးလ်ဟာ အမှတ်ပေးဇယားကို ယာယီဦးဆောင်ခွင့် ရရှိသွားခဲ့ပါတယ်။ ချယ်လ်ဆီး က အဲဗာတန် ၊မန်စီးတီးက မန်ယူတို့နဲ့ ပွဲကျပ်တွေ ကစားရမယ့်အချိန်မှာ လီဗာပူးလ်တို့ အခွင့်အရေးကို အမိအရအသုံးချနိုင်ခဲ့ပြီး ထိပ်ဆုံးက အသင်းနှစ်သင်းကို ဖိအားတွေ ဆက်ပေးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က