လီဗာပူးလ်အသင်းရဲ့ အားထားရတဲ့ တိုက်စစ်ကစားသမား ဆာဒီယိုမာနေးဟာ အန်ဖီးလ်မှာ ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို အသင်းနဲ့ ချုပ်ဆိုဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမယ့် စာချုပ်ကို နောက်ထပ် (၂)နှစ်သက်တမ်းရှိ စာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။
Photo : Liverpool FC
ဆီနီဂေါ လက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၆)ဂိုးအထိ သွင်းယူပေးထားပြီး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၀)အထိ ရရှိအောင် မာနေးက စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိကကစားသမားအဖြစ် မာနေးက ခြေစွမ်းပြနေပြီး နည်းပြကလော့ပ်ရဲ့ စိတ်ကြိုက်ကစားသမားလည်း ဖြစ်ပါတယ်။
Photo : Independent
"လီဗာပူးလ်နဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုင်နိုင်ခဲ့လို့ အရမ်းပျော်ရွှင်မိပါတယ်၊ ကျွန်တော့်အတွက်တော့ ခမ်းနားတဲ့နေ့တစ်နေ့ပါပဲ၊ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ၊ အသင်းအတွက် ဆုဖလားတွေ ရရှိအောင် ကူညီပေးနိုင်ဖို့ ကြိုးစားသွားမှာပါ၊ လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့အတွက် အခွင့်အရေး ရခဲ့တဲ့အချိန်မှာ နှစ်ခါပြန်မစဉ်းစားခဲ့ရဘူးလို့ ကျွန်တော် ခဏခဏ ပြောဖူးပါတယ်"
Photo : Liverpool FC
"ကျွန်တော့်အတွက် မှန်ကန်တဲ့ အသင်းကို ပြောင်းရွှေ့လာနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်၊ ကစားသမားဘဝမှာ အကောင်းဆုံးဆုံးဖြတ်နိုင်ခဲ့တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ခဲ့ပါတယ်" လို့ စာချုပ်သစ်ချုပ်ဆိုအပြီးမှာ လီဗာပူးလ်အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုသွားခဲ့ ပါတယ်။ အသက် (၂၆)နှစ်အရွယ် ကစားသမားဟာ ဘလွန်းဒီအောဆုအတွက် ဆန်ခါတင်စာရင်းမှာလည်း ပါဝင်နေသူ ဖြစ်ပါတယ်။
ဒါ့အပြင် BBC က ပေးအပ်ချီးမြှင့်နေတဲ့ အာဖရိကတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက်လည်း ဆန်ခါတင် (၅)ဦးအဆင့်မှာ ပါဝင်နေပါသေးတယ်။ လီဗာပူးလ်အသင်းကတော့ လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်ဖို့ဒ်နဲ့ ကစားသွားရမှာဖြစ်ပြီး အဲဒီနောက်မှာ ချန်ပီယံလိဂ်ပွဲအဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။