ယနေ့နံနက် ၁၂ နာရီအချိန်က ယှဉ်ပြိုင်ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပထမပိုင်းမှာပဲ ချယ်ဆီးအသင်းကို အလီ၊ ဟယ်ရီကိန်းတို့ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
Photos: Daily Mail
တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပထမပိုင်း ၈ မိနစ်မှာ အလွတ်တည်ကန်ဘောကနေတစ်ဆင့် အဲရစ်ဆင်ကန်တင်ပေးလိုက်တဲ့ဘောလုံးကို အလီက ခေါင်းတိုက်သွင်းယူပြီး အဖွင့်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။ ၁၆ မိနစ်မှာ ဟယ်ရီကိန်းက ပင်နယ်တီဧရိယာထိပ်ကနေ အမှတ်မထင် အပြင်းကန်သွင်းခဲ့ရာမှာ ဒေးဗစ်လုဇ် ကာကွယ်နိုင်ခဲ့ခြင်းမရှိဘဲ ဂိုးသမား ကီပါကလည်း နေရာယူမမှန်တာကြောင့် လှုပ်ရှားချိန်တောင်မရလိုက်ဘဲ ဒုတိယမြောက်ဦးဆောင်ဂိုးကို ပေးခဲ့ရတာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ ချယ်ဆီးအသင်းက ပြန်လည်တိုက်စစ်ဆင်ကစားနိုင်ခဲ့ပေမယ့် တန်ပြန်တိုက်စစ်တွေကနေ ဂိုးပေါက်ခြိမ်းခြောက်နေတဲ့ စပါးအသင်းကို ခံစစ်ကစားသမားတွေက ရပ်တန့်နိုင်ခြင်းမရှိဘဲ စိတ်ကြိုက်ကန်သွင်းခွင့်တွေပေးခဲ့ရတာဖြစ်ပါတယ်။ ၅၄ မိနစ်မှာ ဆွန်ဟောင်မင်က ချယ်ဆီးအသင်းရဲ့ခံစစ်ကို တစ်ကိုယ်တော်ထိုးဖောက်ပြီး တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။
Photos: Daily Mail
ချယ်ဆီးအသင်းအတွက် ဒုတိယပိုင်းပြီးဆုံးခါနီး ၈၅ မိနစ်မှာ လူစားဝင်ကစားခဲ့တဲ့ ဂီရော့ဒ်က အက်ဇ်ပလီကူတာရဲ့ဖြတ်တင်ဘောကနေတစ်ဆင့် ခေါင်းတိုက်သွင်းယူပြီး ချေပဂိုး ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဂိုးကန်သွင်းခွင့်တွေများစွာ ရရှိခဲ့ပြီး အဆုံးသတ်မသေချာခဲ့လို့သာ ယခုထက်ပိုပြီး ဂိုးမပြတ်ခဲ့တာဖြစ်ပါတယ်။
ပထမဆုံးရှုံးပွဲကို ရင်ဆိုင်ခဲ့ရတဲ့ ချယ်ဆီးအသင်းနည်းပြ ဆာရီက ရှေ့တန်းကနေ နောက်တန်းအထိ ဖြစ်ခဲ့သမျှကိစ္စတိုင်းက ဆိုးရွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော် ပြဿနာတွေအများကြီးမြင်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တော်တော်ဆိုးဆိုးရွားရွားကစားခဲ့တယ်လို့ ရုပ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ မြင်နိုင်ခဲ့လို့ပါ။ အထူးသဖြင့် မိနစ် ၂၀ အတွင်းမှာ စိတ်ပိုင်းဆိုင်ရာအရရော၊ နည်းစနစ်ပိုင်းဆိုင်ရာအရပါ တော်တော်လေးဆိုးရွားခဲ့တာပါ"
"ပထမဦးဆုံး ကစားသမားတွေအတွက် ကျွန်တော် မျှော်လင့်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့အပတ်က သူတို့ကို ကျွန်တော် ပြောခဲ့တယ်။ ကျွန်တော်တို့မှာ ပွဲစစချင်း ချဉ်းကပ်မှုပုံစံနဲ့ပတ်သက်ပြီး ကြီးမားတဲ့ပြဿနာတစ်ခုရှိနေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒီနေ့မှာလည်း အဲဒီချဉ်းကပ်ပုံအတိုင်း အတူတူဖြစ်နေခဲ့ပါတယ်။ ကစားကွက်တည်ဆောက်တဲ့အဆင့်က ကွာခြားခဲ့ပြီး ၁၅ မိနစ်အကြာမှာတော့ ကျွန်တော်တို့ဟာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခံခဲ့ရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။