မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဘရာဟမ်ဒီယက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် အကြိုသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးပြီလို့ 90 min သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာ စီးတီးအသင်းမှာ ပုံမှန်ကစားခွင့် မရရှိခဲ့တဲ့အတွက် ဒီယက်ဇ်ဟာ အီတီဟတ်ကို စွန့်ခွာဖို့ ခြေလှမ်းပြင်နေခဲ့တာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
Photo : 90 min
ဒီယက်ဇ်ဟာ အရည်အသွေးရှိ ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း အသင်းမှာ ပွဲကစားခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာ မန်စီးတီးအတွက် (၃)ပွဲသာ ပါဝင်ကစားခွင့် ရရှိထားပါတယ်။ အသက် (၁၉)နှစ်အရွယ် လူငယ်ကစားသမားဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူထားပြီးဖြစ်တယ်လို့ စပိန်ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ El Chiringuito က ဖော်ပြခဲ့ပါတယ်။
စံချိန်သစ်တွေ ထပ်ယူခဲ့ပြန်တဲ့ ဂြိုလ်သား ရော်နယ်ဒို
Photo : 90 min
ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ဒီယက်ဇ် ပါဝင်ကစားခွင့်ရခဲ့ပြီး မန်စီးတီးအတွက် သွင်းဂိုး (၂)ဂိုး သွင်းယူပေးခဲ့ကာ မန်စီးတီးက (၂-ဝ) နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲအပြီးမှာ ဒီယက်ဇ်ကို ဂွာဒီယိုလာက ချီးကျူးစကားတွေ ပြောဆိုခဲ့ပေမယ့် ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီယက်ဇ်ကို ပြန်လည်ချန်လှပ်ခဲ့ပါတယ်။
ဂွာဒီယိုလာက ဒီယက်ဇ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်တယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း ဒီယက်ဇ်အတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ်ဆိုရင်တော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို သူမသိဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း အသင်းမှာ ပုံမှန်အာမခံချက်မရရှိတော့တဲ့နောက် အသင်းက ထွက်ခွာဖို့ကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ အင်္ဂလန်လူငယ်ကစားသမားဖြစ်တဲ့ ဂျေဒန်ဆန်ချိုကိုလည်း လက်လွှတ်ဆုံးရှုံးထားရတာဖြစ်ပြီး ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ထူးရှယ်ခြေစွမ်းတွေ ပြသနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီယက်ဇ်ကိုလည်း ထပ်မံဆုံးရှုံးရမယ့် အရေးနဲ့ ရင်ဆိုင်လာရပြီးနောက် အသင်းရဲ့ လူငယ်ကစားသမားတွေအပေါ် မန်စီးတီးအသင်းရဲ့ စီမံခန့်ခွဲမှုတွေက မေးခွန်းထုတ်စရာလည်း ဖြစ်လာခဲ့ပါတယ်။