စင်ကာပူမှာ ရုံတင်ပြသနေတဲ့ '' မီ'' ရုပ်ရှင်ဇာတ်ကား

ပရိသတ်အားပေးမှု များစွာရရှိထားတဲ့ မီ ရုပ်ရှင်ဇာတ်ကားကြီးကို စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး ရုံတင်ပြသ နေပြီလို့ ပိုင်ဖြိုးသုက ပြောပါတယ်။ ဒီဇာတ်ကားမှာ သူမရဲ့ ကြိုးစားအားထုတ်ခဲ့ပုံတွေကိုလည်း ဆက်လက် ပြောပြထားပါသေးတယ်။



Photo: ပိုင်ဖြိုးသု

 

သရုပ်ဆောင် အကယ်ဒအီ ပိုင်ဖြိုးသုက  ''မီ'' ရုပ်ရှင်ဇာတ်ကားကြီးကို ဒီနေ့(ဒီဇင်ဘာလ ၆) ရက်နေ့ ကစပြီး စင်ကာပူနိုင်ငံမှာ ပြသ သွားမယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်  ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကလည်း စင်ကာပူက မြန်မာပရိသတ်တွေနဲ့ တွေ့ဆုံသွားမယ် လို့ ပြောပြထားပါသေးတယ်။

'' အားလုံးပဲ မင်္ဂလာပါ သုသု တို့ မီရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ ၆ ရက်နေ့ကနေ စပြီးတော့ စင်္ကာပူနိုင်ငံက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပါပြီ။ ၂ ပတ်အကြာ ရုံပေါ်မှာ ပြသသွားမှာပါ။ နောက်ထပ်သတင်းလေးတစ်ခုကတော့ သုသုတို့ မီရုပ်ရှင်အဖွဲ့သားတွေ စင်္ကာပူနိုင်ငံကိုလာပြီးတော့ ချစ်ရတဲ့ မြန်မာပရိသတ်တွေနဲ့ တွေ့ဆုံချင်ပါတယ်။ အဲ့ဒီအခါကျရင်လည်း လာခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ မီရုပ်ရှင်ကားကြီးကို လည်း အား ပေး ကြပါဦးနော်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၅ ရက်နေ့ည ၈ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Amazing Grace

ဝတ်မှုန်ရွှေရည်ရဲ့ အလှအပတွေကိုပုံဖော်ပြောပြလာတဲ့ ပိုင်ဖြိုးသု  

ပိုင်ဖြိုးသုဟာ မီဇာတ်ကောင် ပီပြင်ဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ရသူဖြစ်ပါတယ်။ စာရေးဆရာမ ကြည်အေးရဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားခဲ့တဲ့ မီဝတ္ထုကို ဗစ်တိုးရီးယားရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

'' သု အစွမ်းကုန်ကြိုးစားခဲ့တယ်၊ ဒါရိုက်တာကလည်း အကောင်းဆုံးသင်ပေးတယ်၊ အခုချိန်မှာ ပြန်ကြည့်ရင်လည်း မီ ဇာတ်ရုပ်က စိတ်ထဲ ပြန်ပြန် ဝင်သွားတယ်။ မီ က သုကို အရမ်းလွှမ်းမိုးတဲ့ ဇာတ်ကောင်ဖြစ်လို့လား မသိဘူး။ ဒါပေမယ့် တကယ်ကောင်းတယ် မကောင်းဘူး ဆုံးဖြတ်တာကတော့ ပရိသတ်ပေါ့နော်'' လို့ ဆိုပါတယ်။

Photo: Amazing Grace

 

မီ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် နေတိုး၊ သားညီ၊ ရဲအောင်၊ မင်းဦး၊ အောင်ရဲထိုက် နဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်သွား မှာဖြစ်ပါ တယ်။ ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရိုက်ကူးထားတာဖြစ်ပြီး ရိုက်ကွင်းနေရာကိုတော့ ရန်ကုန်၊ ပြင်ဦးလွင် နဲ့ ဖိုးကျား ဆင်စခန်းတို့မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Photo: ပိုင်ဖြိုးသု

 

မီရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ပရိသတ်အားပေးမှု အများကြီး ရရှိပိုင်ဆိုင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။  လက်ရှိမှာလည်း ပိုင်ဖြိုးသုက အနုပညာအလုပ်တွေ ဆက်လက်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က