အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲပြီးနောက် ဆူနာမီရေလှိုင်းများ တက်ရောက်မှုအတွင်း သေဆုံးသူအရေအတွက်ဟာ ၃၇၃ ဦးထက်မနည်း ဖြစ်လာကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) နှောင်းပိုင်းမှာ အတည်ပြုပြောကြားပါတယ်။
(Photo: AP)
ဒီဇင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် ည ၉ နာရီခွဲခန့်က ဆူမာတြားကျွန်းနဲ့ ဂျာဗားကျွန်းကြားရှိ ဆန်ဒါရေလက်ကြားအနီး ကမ်းရိုးတန်းနေရာတွေမှာ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ "ဆူနာမီကြောင့် လူဦးရေ ၁,၄၅၉ ဦး ဒဏ်ရာရခဲ့ပြီး ၁၂၈ ဦး ပျောက်ဆုံးနေပါတယ်" လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက သတင်းထုတ်ပြန်ရာမှာ ပြောပါတယ်။
(Photo: AFP)
ဆူနာမီကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာနိုင်ကြောင်း ၎င်းက ယမန်နေ့ (ဒီဇင်ဘာ ၂၃ ရက်) ညပိုင်းမှာကတည်းက ပြောထားခဲ့တာလည်း ဖြစ်ပါတယ်။ Anak Krakatau မီးတောင်ပေါက်ကွဲရာမှာ ဆန်ဒါရေလက်ကြားအနီး ကမ်းရိုးတန်းတစ်လျှောက် ပြင်းထန်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကြောင့် ရာနဲ့ချီတဲ့ နေအိမ်များ၊ ဟိုတယ်များ၊ ဈေးဆိုင်များနဲ့ မော်တော်ယာဉ်များ ပျက်စီးခဲ့ပါတယ်။
မီးတောင်ဟောင် လှုပ်ရှားမှုတွေ ဆက်ဖြစ်နေတာကြောင့် ဆူနာမီရေလှိုင်းများ ထပ်မံ တက်ရောက်လာမယ့် အန္တရာယ်ကို ဒေသခံတွေကြား စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။ CNA သတင်းတစ်ရပ်မှာ ဖော်ပြထားမှုအရ ပင်လယ်ပြင်မှာထားရှိတဲ့ အင်ဒိုနီးရှားရဲ့ ဆူနာမီသတိပေးစနစ်ဟာ ၂၀၁၂ ခုနှစ်ကတည်းက အလုပ်မလုပ်တော့ကြောင်း သိရပါတယ်။
(Photo: AFP)
ယခု ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့တဲ့ ကမ်းရိုးတန်းဒေသတွေမှာ လာမယ့် ဒီဇင်ဘာ ၂၅ ရက်အထိ ပင်လယ်ရေလှိုင်းများ မြင့်တက်လာနိုင်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်တွေက သတိပေးထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်း (Ring of Fire) နေရာမှာ တည်ရှိနေတာကြောင့် ငလျင်လှုပ်မှု၊ မီးတောင်ပေါက်ကွဲမှုနဲ့ ဆူနာမီရေလှိုင်းတက်ရောက်မှု အန္တရာယ်တွေရှိနေပါတယ်။
(Photo: AFP)
ယခုနှစ် စက်တင်ဘာလအတွင်းကလည်း အင်ဒိုနီးရှားအလယ်ပိုင်း ဆူလာဝေစီကျွန်းမှာ ရစ်(ခ်)တာစကေး ၇.၅ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး ကမ်းရိုးတန်းဒေသရှိ ပါလူမြို့မှာ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုအတွင်း လူ ၂,၀၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်း အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဆူနာမီရေလှိုင်းများ ဆက်တိုက်တက်ရောက်ခဲ့မှုကြောင့် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ လူဦးရေ ၂၂၈,၀၀၀ ခန့် သေဆုံးခဲ့ပြီး အင်ဒိုနီးရှားမှာ သေဆုံးသူအများဆုံး ဖြစ်ခဲ့ပါတယ်။