ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို မျောက်တွေမှာ စမ်းသပ်ခဲ့ရာ ရောဂါကာကွယ်ခဲ့ပုံရကြောင်း သိရပါတယ်။
(Photo: BBC)
အဆိုပါ ကာကွယ်ဆေးကို Rhesus macaque မျောက်ခြောက်ကောင်မှာ စမ်းသပ်ခဲ့ရာ COVID-19 ရောဂါ ကာကွယ်နိုင်ခဲ့ပုံရတယ်လို့ အမေရိကန်နဲ့ ဗြိတိန် သုတေသီတွေက မေ ၁၄ ရက်နေ့မှာ ပြောပါတယ်။ ယခု တွေ့ရှိရမှုက လူတွေကို ထိုးနှံစမ်းသပ်နေဆဲ ကာကွယ်ဆေးအတွက် မျှော်လင့်ချက်ကောင်းလည်း ဖြစ်လာပါတယ်။
သို့သော် မျောက်တွေမှာ စမ်းသပ်မှုရလဒ်အတိုင်း လူတွေမှာလည်း ဖြစ်လိမ့်မယ်လို့ အာမခံချက် မရှိဘူးလို့ ဆိုပါတယ်။ COVID-19 ရောဂါဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ရှိနေခဲ့တဲ့ မျောက်အုပ်စုကို ကာကွယ်ဆေး ထိုးနှံစမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပေးခဲ့တဲ့ မျောက်တွေရဲ့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းမှာ ဗိုင်းရပ်စ်အနည်းငယ်ရှိနေခဲ့ပါတယ်။
(Photo: Reuters)
ယခု စမ်းသပ်မှုကို အမေရိကန်အစိုးရရဲ့ National Institutes of Health (NIH) နဲ့ အောက်စ်ဖို့တက္ကသိုလ်တို့မှ သုတေသီတွေက အမေရိကန်မှာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရပါတယ်။ စမ်းသပ်လေ့လာမှုအရ အောက်စ်ဖို့တက္ကသိုလ်ထုတ် COVID-19 ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်ရှိနေတဲ့ မျောက်တွေကို အဆုတ်ရောင်ရောဂါ မဖြစ်စေရန် ကာကွယ်ပေးနိုင်ခဲ့ပုံရကြောင်း တွေ့ရှိခဲ့ပါတယ်။
Rhesus macaque မျောက်တွေဟာ လူတွေနဲ့တူညီတဲ့ ကိုယ်ခံအားစနစ် ရှိကြပါတယ်။ မျောက်တွေကို ကာကွယ်ဆေးစမ်းသပ်ခဲ့မှုအရ ၎င်းတို့ဟာ ကာကွယ်ဆေးကြောင့် ကိုယ့်ခံအားစနစ် လွန်ကဲတိုးမြင့်သွားတဲ့ ရောဂါလည်းမဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ မျောက်တွေမှာ လေ့လာမှုရလဒ်ကို အခြား သိပ္ပံပညာရှင်တွေက မသုံးသပ်ရသေးဘဲ တရားဝင် ထုတ်ပြန်ရခြင်း မရှိသေးပါဘူး။
(Photo: Thibault Savary/AFP/Getty Images file)
သို့သော် London School of Hygiene and Tropical Medicine မှ ပါမောက္ခ စတီဖင်အီဗန်စ်က လေ့လာမှုရလဒ်ဟာ အရည်အသွေးမြင့်ပြီး အလွန် အားတက်စရာဖြစ်တယ်လို့ ဆိုပါတယ်။ အောက်စ်ဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ဗြိတိန်မှာ ၎င်းတို့ရဲ့ သဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူ ၁,၀၀၀ နဲ့ စမ်းသပ်နေပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ စမ်းသပ်လေ့လာနေ ထုတ်လုပ်နေဆဲ ကာကွယ်ဆေး အမျိုးပေါင်း ၁၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကြောင့် ယနေ့ (မေ ၁၆ ရက်) မနက်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်း လူ ၃၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာလည်း နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး လက်ရှိမှာ ၄.၆ သန်းကျော်လွန်လာပြီဖြစ်ပြီး ပြန်လည်သက်သာသူ ၁.၇ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။