အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ကယ်လီဖိုးနီးယားဒေသမှ နှစ်ပေါင်း ၂၀ အတွင်း အင်အားအပြင်းထန်ဆုံး ငလျင်ကြီးတစ်ခု ဒေသစံတော်ချိန် ဇူလိုင် ၅ ရက်နေ့က လှုပ်ခတ်သွားခဲ့ပါတယ်။
(Photo: CNN)
ယခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဟာ ပြင်းအား ရစ်ချ်တာစကေး ၇.၁ အဆင့်အထိရှိခဲ့ပြီး အဆိုပါဒေသမှာ ဇူလိုင် ၄ ရက်နေ့ကလည်း ရစ်ချ်တာစကေး ၆.၄ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးကြောင်း သိရပါတယ်။
ဇူလိုင် ၅ ရက် ငလျင်ကြီးကြောင့် လော့စ်အိန်ဂျိလိစ်မြို့ရဲ့ နေရာတွေမှာ အဆောက်အအုံများ လှုပ်ခါမှုနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပေမဲ့ ကြီးမားတဲ့ပျက်စီးမှု သို့မဟုတ် သေဆုံးမှုတွေ မရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ငလျင်ကြီးဟာ Ridgecrest မြို့ငယ်အနီး ဗဟိုပြုပြီး ဇူလိုင် ၅ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၁၉ မိနစ်မှာ လှုပ်ခတ်ခဲ့ကြောင်း United States Geological Survey (USGS) က ဖော်ပြပါတယ်။
(Photo: CNN)
ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျိလိစ်မြို့ အရှေ့မြောက်ဘက် မိုင် ၁၀၀ ကျော်အကွာရှိ Ridgecrest မြို့အနီးမှာ ဇူလိုင် ၄ ရက်နေ့ကလည်း ရစ်ချ်တာစကေး ၆.၄ အဆင့်ရှိ အင်းအားပြင်းငလျင်တစ်ခုနဲ့ နောက်ဆက်တွဲ ငလျင်အများအပြား လှုပ်ခတ်ခဲ့ကြောင်းသိရပါတယ်။ ယခု ငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဂက်စ်ပိုက်လိုင်းများ ပေါက်ကွဲရာမှာ နေအိမ်မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသတစ်ဝှမ်းမှ အရေးပေါ်ဌာနသို့ ဖုန်းဆက်သွယ်ခေါ်ဆိုကာ အကူအညီတောင်းမှုတွေလည်း ရှိခဲ့ပါတယ်။
(Photo: AP)
"မီးလောင်မှုတွေ၊ ဂက်စ်ယိုစိမ့်မှုတွေ၊ ဒဏ်ရာရမှုတွေရှိခဲ့တယ်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ခဲ့တယ်။ ဒါတွေကို ကျွန်မတို့ တတ်နိုင်သမျှ အကောင်ဆုံး ကိုင်တွယ်ဖြေရှင်းနေပါတယ်" လို့ Ridgecrest မြို့တော်ဝန် Peggy Breeden က Reuters သတင်းဌာနကို ပြောပါတယ်။ ငလျင်ကြီးလှုပ်မှုအတွင်း အပြင်းအထန် ဒဏ်ရာရမှုတွေမရှိခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ Jed McLaughlin က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
(Photo: LA Times)
ယခုငလျင်ကြောင့် အပျက်အစီးဟာ ဇူလိုင် ၄ ရက် ငလျင်ထက် ပိုမိုသိသာထင်ရှားတယ်လို့ San Bernardino County မီးသတ်ဌာနာက ဆိုပါတယ်။ San Bernardino မီးသတ်ဌာနက မီငြှိမ်းသတ်မှုတွေနဲ့ ဂက်စ်ယိုစိမ့်မှုတွေကို ဖြေရှင်းဆောင်ရွက်နေခဲ့ပါတယ်။ ဇူလိုင် ၄ ရက် ငလျင်လှုပ်ခတ်စဉ်ကလည်း ဂက်စ်ပိုက်လိုင်းယိုစိမ့်မှုနဲ့ နေအိမ်မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ငလျင်ဗဟိုချက်အနီးရှိ Ridgecres မြို့ဟာ သဲကန္တာရနယ်မြေအတွင်းရှိပြီး လူဦးရေ ၂၈,၀၀၀ ခန့် နေထိုင်ကြတဲ့ မြို့ငယ်တစ်ခုဖြစ်ပါတယ်။
(Photo: Reuters)
ယခု ငလျင်ကြီးဟာ တောင်ကယ်လီဖိုးနီးယားမှာ ၁၉၉၉ ခုနှစ်နောက်ပိုင်း အင်အားအပြင်းထန်ဆုံး ဖြစ်ခဲ့ကြောင်း Los Angeles Times သတင်းက ပြောပါတယ်။ ၁၉၉၉ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့က တောင်ကယ်လီဖိုးနီးယား Mojave သဲကန္တာရရှိ Hector Mines ဧရိယာမှာ ရစ်ချ်တာစကေး ၇.၁ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့ဖူးကြောင်း သိရပါတယ်။