မက္ကစီကိုနဲ့နယ်စပ်မှာ တံတိုင်းတည်ဆောက်ရေး ဘဏ္ဍာငွေရရှိရန်အတွက် အရေးပေါ်အခြေအနေ ကြေညာရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဆုံးဖြတ်မှုနဲ့ပတ်သက်ပြီး ၎င်းရဲ့အစိုးရအဖွဲ့ကို ကယ်လီဖိုးနီးယားပြည်နယ် ဦးဆောင်တဲ့ ပြည်နယ် ၁၆ ခု ပူးပေါင်းအဖွဲ့က တရားစွဲဆိုလိုက်ကြောင်း သိရပါတယ်။
(မက္ကစီကိုနဲ့နယ်စပ်ကို သမ္မတထရန့် လာရောက်ကြည့်ရှုခဲ့စဉ်) (Photo: Getty Images/AFP/M. Ngan)
သမ္မတထရန့်ကို Northern District of California ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုခဲ့ကြတာ ဖြစ်ပါတယ်။ နယ်စပ်တံတိုင်းအတွက် လွှတ်တော်ခွင့်ပြုချက်မလိုဘဲ ဘဏ္ဍာငွေရရှိနိုင်မယ့် သမ္မတရဲ့ အရေးပေါ်အခြေအနေ အခွင့်အာဏာကို အသုံးပြုနိုင်ရန် ထရန့်က အမေရိကန်-မက္ကစီကို နယ်စပ်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှုနဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားနေမှုတို့ကြောင့် အမေရိကန်-မက္ကစီကိုနယ်စပ်မှာ အရေးပေါ်အခြေအနေအဖြစ် ကြေညာကြောင်း သမ္မတထရန့်က ပြောခဲ့ပါတယ်။ ထရန့်က ဖေဖေါ်ဝါရီ ၁၅ ရက် နှောင်းပိုင်းမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ပြည်နယ်များစုပေါင်းကာ တရားစွဲဆိုမှု ဖြစ်လာခဲ့ပါတယ်။
(သမ္မတထရန့်နဲ့ အစိုးရကို ဆန္ဒပြမှု) (Photo: AFP)
မက္ကစီကိုနိုင်ငံနဲ့ နယ်စပ်မှာ တံတိုင်းဆောက်လုပ်မှုဟာ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း ထရန့်ရဲ့ အဓိက ကတိကဝတ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီမိုကရက်တစ်တွေက ထရန့်ရဲ့လုပ်ရပ်ဟာ ဥပဒေနဲ့မညီတဲ့ အာဏာအလွဲသုံးစားပြုမှု ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
ထရန့်က အရေးပေါ်အခြေအနေ ကြေညာခဲ့မှုကိုလည်း ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးဖြင့် ဥပဒေကြောင်းအရ ရင်ဆိုင်ကန့်ကွက်သွားမယ်လို့ ဒီမိုကရက်တစ်တွေက ပြောထားပါတယ်။ သမ္မတထရန့်ရဲ့ သမ္မတအာဏာကို အလွဲသုံးစားပြုမှုကို ပိတ်ပင်တားဆီးရန် ၎င်းကို တရားရုံးတော်သို့ခေါ်ထားခဲ့ပြီလို့ ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ် Xavier Becerra က ဆိုပါတယ်။
(ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ် Xavier Becerra) (Photo: House Democratic Caucus)
"ကျွန်တော်တို့ပြည်နယ်တွေရဲ့ ပြည်သူလူထုကို ကိုယ်စားပြုဖို့ တရားဝင်ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုဘေးချိတ်ပြီး အခွန်ထမ်းသူတွေရဲ့ ဘဏ္ဍာငွေတွေ တစ်ဖက်သတ် လုယူနေတာကို ရပ်တန့်ဖို့အတွက် ကျွန်တော်တို့ သမ္မတထရန့်ကို တရားစွဲဆိုထားပါတယ်" လို့ ရှေ့နေချုပ်က ဖြည့်စွက်ပြောခဲ့ပါတယ်။
တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၁၈ ရက်) မှာ တရားစွဲဆိုခဲ့မှုက တရားရုံး ကြားနာစစ်ဆေးစဉ် ကာလအတွင်း သမ္မတထရန်ရဲ့ အရေးပေါ်အခြေအနေဆိုင်ရာ လုပ်ရပ်တွေကို ဟန့်တားရန်အတွက် ပဏာမ တားမြစ်မိန့်တစ်ရပ် ထုတ်ပြန်ရေးကို ဦးတည်ထားကြောင်း Washington Post သတင်းက ပြောပါတယ်။
(အမေရိကန်-မက္ကစီကို နယ်စပ်တံတိုင်းတစ်နေရာ) (Photo: Gregory Bull/AP)
သမ္မတထရန့်က အမေရိကန်-မက္ကစီကိုနယ်စပ်မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ပြီး နာရီပိုင်းအကြာမှာပင် ပထမဆုံး ဥပဒေကြောင်းအရ အရေးဆိုကန့်ကွက်မှု ရှိခဲ့တာလည်း ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအုပ်စုတစ်ခုနဲ့ တက္ကဆက်ပြည်နယ်မှ မြေပိုင်ရှင်သုံးဦးတို့ ကိုယ်စား Public Citizen အဖွဲ့အစည်းက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ နယ်စပ်တံတိုင်းကို ၎င်းတို့ ပိုင်ဆိုင်တဲ့မြေပေါ်မှာ ဆောက်လုပ်သွားဖွယ်ရှိနေတယ်လို့ တက္ကဆက်မြေပိုင်ရှင် သုံးဦးက ပြောခဲ့ကြပါတယ်။
(တံတိုင်းတည်ဆောက်မှုကို ကန့်ကွက်ဆန္ဒပြစဉ်) (Photo: Veronica Cardenas/Reuters)
မက္ကစီကိုနဲ့နယ်စပ်မှာ တံတိုင်းတည်ဆောက်ရေးအတွက် ဘတ်ဂျက်ချပေးရန် အမေရိကန်လွှတ်တော်က ငြင်းပယ်ခဲ့ပြီးနောက် သမ္မတထရန့်က အရေးပေါ်အခြေအနေ ကြေညာခဲ့လည်း ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းဖြင့် ထရန့်အနေနဲ့ တံတိုင်းတည်ဆောက်ရေးစီမံကိန်းအတွက် ဒေါ်လာဘီလီယံနဲ့ချီ သုံးစွဲခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။ အဆိုပါ ဘဏ္ဍာငွေကို စစ်ဘက်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု နှိမ်နင်းရေးတို့မှာ သုံးစွဲသွားမယ်လို့ ထရန့်ကဆိုပါတယ်။