အီဂျစ်နဲ့အောင်မြင်မှုမရတဲ့ ဆာလာကို ပြစ်တင်ဝေဖန်ခဲ့တာပါ။

အီဂျစ်လက်ရွေးစင်နည်းပြ ဟက်ဆန်ရှီဟာတာက အီဂျစ်နာမည်ကျော် ကစားသမား ဆာလာဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ဘာတခုမှဖြစ်ဖြစ်မြောက်မြောက် လုပ်ပေးထားတာ မရှိဘူးလို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဆာလာဟာ လီဗာပူးနဲ့အတူ အကောင်းဆုံးခြေစွမ်းပြနေပေမယ့် နိုင်ငံအသင်းမှာ အောင်မြင်မှုမရသေးပါဘူး။



ဆာလာရဲ့အီဂျစ်ဟာ အာဖရိကဖလားဗိုလ်လုပွဲမှာ မာနေးရဲ့ဆီနီဂေါကိုရှုံးနိမ့်ပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း ဆာလာရဲ့ ပင်နယ်တီလွဲချော်မှုနဲ့အတူပဲ ဆီနီဂေါကို ထပ်မံရှုံးနိမ့်ပြီး အီဂျစ်တို့ ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါဟာ တနှစ်အတွင်းမှာတင် ဖြစ်ပျက်ခဲ့တဲ့အရာတွေဖြစ်ပြီး ရှီဟာတာက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

ရှီဟာတာက “ဆာလာက ထိပ်တန်းကစားသမားတယောက်၊ နိုင်ငံခြားမှာ အောင်မြင်မှုတွေရထားတဲ့သူ၊ ကမ္ဘာ့အကြီးမားဆုံးကြယ်ပွင့်တွေထဲက တယောက်ပါ။ ဒါပေမယ့် သူက အီဂျစ်လက်ရွေးစင်အသင်းအတွက် ဘာမှစွမ်းဆောင်ပေးထားတာမရှိပါဘူး။ ဆာလာအနေနဲ့ အခုထက် ပိုမိုလုပ်ပြသင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆာလာဟာ လီဗာပူးနဲ့အတူ ပြည်တွင်းဆုဖလားအားလုံးနဲ့ ချန်ပီယံလိဂ်ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့ပြီးပါပြီ။

ဒီနှစ်အစောပိုင်းမှာလည်း ဆာလာက သူ့ရဲ့နိုင်ငံတကာ ကစားသမားဘဝကနေ အနားယူဖို့ အကြောင်းကို အရိပ်အမြွက် ပြောကြားခဲ့ဖူးပါတယ်။ ဆာလာက “ကျနော်တွဲကစားခွင့်ရတဲ့ အသင်းဖော်တွေနဲ့ ပတ်သက်လို့ ကျနော် အမြဲဂုဏ်ယူခဲ့ရပါတယ်။ အနာဂတ်မှာ ကျနော် အီဂျစ်လက်ရွေးစင်မှာ ဆက်ရှိသည်ဖြစ်စေ၊ မရှိတော့ဘူးဖြစ်စေ၊ ကျနော် ဒီအတွက် အမြဲတမ်း ဂုဏ်ယူနေမှာပါ” လို့ ပြောကြားခဲ့ဖူးတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က