မွမ်ဘိုင်းမြို့မှာ ရာသီဥတုဆိုးရွားနေခဲ့တာ နှစ်ရက်ရှိပြီဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့နဲ့ အနီးပတ်ဝန်းကျင်မှာ မုန်သုန်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နံရံပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့မှုအတွင်း ယနေ့ (ဇူလိုင် ၂ ရက်) အထိ လူ ၄၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

အိန္ဒိယစီးပွားရေးမြို့တော် မွမ်ဘိုင်းမှာ မိုးသည်းထန်ပြီး ရာသီဥတုဆိုးရွားနေမှု ဒုတိယနေ့ဖြစ်လာပြီး လေယာဉ်၊ ရထားနဲ့ ကားအသွားအလာ နှောင့်နှေးမှုတွေ ကြုံနေရပြီး အာဏာပိုင်တွေက ကျောင်းနဲ့ရုံးတွေကို ပိတ်ထားရန်ညွှန်ကြားခဲ့ပါတယ်။ မွမ်ဘိုင်းမြို့ရှိ ဈေးတွေကိုတော့ ဖွင့်ထားတယ်လို့ Reuters သတင်းက ပြောပါတယ်။



မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွမ်ဘိုင်းမြို့အနောက်ဘက် Malad ဆင်ခြေဖုံးနေရာရှိ ဆင်ခြေလျှောမြေနေရာမှာ တည်ဆောက်ထားတဲ့ တဲအိမ်များအပေါ်ကို နံရံတစ်ခုပြိုကျခဲ့မှုကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။ "ရှာဖွေကယ်ဆယ်ရေး လုပ်နေတုန်းပဲ၊ လူတစ်ဒါဇင်လောက် ကယ်ထုတ်နိုင်ခဲ့တယ်လို့" မီးသတ်ဌာနတာဝန်ရှိသူက ပြောပါတယ်။

(Photo: AFP)

မိုးသည်းထန်မှုကြောင့် မွမ်ဘိုင်းမြောက်ဘက် ၂၆ မိုင်အကွာရှိ Kalyan မြို့မှာလည်း စာသင်ကျောင်းနံရံပြိုကျပြီး လူသုံးဦး သေဆုံးခဲ့ပါတယ်။ ထို့အတူ အိန္ဒိယမှာ အိုင်တီနဲ့ ကားကုမ္ပဏီတွေ အခြေစိုက်ကြတဲ့ Pune မြို့မှာလည်း နံရံတစ်ခု ပြိုကျမှုကြောင့် လူခြောက်ဦး သေဆုံးခဲ့ကြောင်း မီးသတ်ဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Pune မြို့မှာ ဇွန်လ ၂၉ ရက် မနက်အစောပိုင်းကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင် အလုပ်သမားများ နေထိုင်ကြတဲ့ ယာယီတဲများပေါ်ကို နံရံပြိုကျမှုကြောင့် ကလေးသုံးဦး အပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ မွမ်ဘိုင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၂ လက်မနီးပါးအထိ သည်းထန်စွာရွာသွန်းခဲ့ပြီး ကားလမ်းနဲ့ရထားလမ်းများ ရေလွှမ်းမိုးမှုဖြစ်နေပါတယ်။

(Photo: AP)

မွမ်ဘိုင်းမြို့ရဲ့ မြေနိမ့်ပိုင်းနေရာတွေမှာ နေထိုင်ကြပြီး ရေကြီးမှုကြောင့် သောင်တင်နေခဲ့ကြတဲ့ လူ ၁၀၀ ခန့်ကို ကယ်တယ်ခဲ့ရကြောင်း မြို့အာဏာပိုင်တွေက ပြောပါတယ်။ အိန္ဒိယမှာ မိုးရာသီကာလဖြစ်တဲ့ ဇွန်လမှ စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုကြောင့် တည်ဆောက်မှုအားနည်းချက်ရှိတဲ့ အဆောက်အအုံနဲ့ နံရံပြိုကျမှုတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်လေ့ရှိပါတယ်။

(Photo: AP)

မွမ်ဘိုင်းမြို့ကို ကမ္ဘာ့ဘဏ္ဍာရေးအချက်အချက် နေရာတစ်ခုဖြစ်လာစေရန် ကြိုးပမ်းနေပေမဲ့ မြို့ရဲ့နေရာအများအပြားမှာ နှစ်စဉ် မုတ်သုန်ရာသီ မိုးရွာသွန်းမှု နောက်ဆက်တွဲ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရပါတယ်။ မွမ်ဘိုင်းမှာ ၂၀၀၅ ခုနှစ်က ရေကြီးမှုတွေကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။ ထိုစဉ်က သေဆုံးသူအများစုဟာ မွမ်ဘိုင်းမြို့စွန် ဆင်းရဲသားများနေထိုင်ကြတဲ့ တဲအိမ်စုနေရာတွေမှ ဖြစ်ကြပြီး အဆိုပါ နေရာတွေမှာ နေထိုင်သူဦးရေဟာ မွမ်ဘိုင်းလူဦးရေရဲ့ ထက်ဝက်ကျော်ရှိကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က