အိန္ဒိယနိုင်ငံ အနောက်ပိုင်းမှာ ငါးထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာ လူတစ်ဦး သေဆုံးပြီး အပျက်အစီးများအောက်မှာ လူအများအပြား ပိတ်မိနေနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
(Photo: Reuters)
ဩဂုတ် ၂၄ ရက် နှောင်းပိုင်းက မဟာရက်ရှ်ထရာပြည်နယ် မွမ်ဘိုင်းမြို့ရဲ့တောင်ဘက် ၇၅ မိုင်ခန့်အကွာရှိ မဟတ်ဒ် (Mahad) မြို့မှာ ငါးထပ်တိုက်ပြိုကျခဲ့တာ ဖြစ်ပါတယ်။ လူနေအိမ်ခန်း ၄၇ ခန်းပါ ငါးထပ်အဆောက်အအုံ ပြိုကျခဲ့ပြီးနောက် ပျောက်ဆုံးနေသူ ခန့်မှန်းခြေအားဖြင့် ၅၁ ဦးမှ ၂၀၀ ဦးအထိ ရှိနိုင်တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဆိုပါတယ်။
ယခု အဆောက်အအုံပြိုကျခဲ့တဲ့ နေရာမှာ ကယ်ဆယ်ရေးအဖွဲ့သုံးဖွဲ့က အထူးကိရိယာများနဲ့ အနံ့ခံခွေးများသုံးပြီး ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေကြောင်း အိန္ဒိယနိုင်ငံ National Disaster Response Force (NDRF) က ထုတ်ပြန်ထားပါတယ်။ အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah က အားလုံး ဘေးကင်းကြပါစေကြောင်း ဆုတောင်းနေတယ်လို့ ၎င်းရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။
(Photo: AP)
NDRF ပြောခွင့်ရအမျိုးသား Sachidanand Gawde က သတင်းထောက်တွေကို ပြောကြားမှုအရ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေက အပျက်အစီးများထဲမှ အလောင်းတစ်လောင်း ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆောက်အအုံ အပျက်အစီးများအောက်မှာ လူ ၇၀ ထက်မနည်း ပိတ်မိနေတယ်လို့ ယုံကြည်ရကြောင်း မဟတ်ဒ်ရဲတပ်ဖွဲ့က ပြောပါတယ်။
"ဒဏ်ရာရသူ ၁၅ ယောက်ကို ကယ်ဆယ်ခဲ့ပြီး ဆေးရုံပို့ထားပါတယ်" လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အစောပိုင်း ခန့်မှန်းမှုတွေအရ ပြိုကျသွားတဲ့ အဆောက်အအုံထဲမှာ လူ ၂၀၀ ကျော် ပိတ်မိနေတယ်လို့ မဟတ်ဒ် လွှတ်တော်အမတ် Bharat Gogawale က ဒေသခံ TV9 Marathi ရုပ်မြင်သံကြား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
(Photo: Indian TV)
"အဓိက ရည်မှန်းချက်က အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို တတ်နိုင်သမျှ ကယ်ဆယ်ဖို့ပါ" လို့ ၎င်းက ဆိုပါတယ်။ မဟာရက်ရှ်ထရာပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာဌာနမှ အမည်မဖော်တဲ့ တာဝန်ရှိသူတစ်ဦးကတော့ အဆောက်အအုံပြိုကျမှုအတွင်း လူ ၅၁ ဦး ပျောက်ဆုံးနေတယ်လို့ Press Trust of India (PTI) သတင်းဌာနကို ပြောခဲ့ပါတယ်။
ထပ်မံသိရတဲ့ သတင်းတွေအရ အပျက်အစီးများအောက်မှ လူ ၆၀ ကျော်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး နောက်ထပ် လူ ၃၀ ထက်မနည်း ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မဟတ်ဒ်မြို့တည်ရှိရာ ခရိုင်မှ တာဝန်ရှိသူ Nidhi Choudhari ရဲ့ အဆိုအရ အဆောက်အအုံ စတင်ပြိုကျချိန်မှာ လူ ၇၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
ယခု ပြိုကျခဲ့တဲ့ အဆောက်အအုံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဖောင်ဒေးရှင်းတည်ဆောက်ရာမှာ အားနည်းချက်ရှိခဲ့ကြောင်း ဒေသခံ နိုင်ငံရေးသမား Manik Motiram Jagtap က TV9 Marathi ကို ပြောပါတယ်။ "ကတ်တွေနဲ့ဆောက်ထားတဲ့ အိမ်တစ်လုံးလိုပဲ ပြိုကျသွားခဲ့တာ၊ ကြောက်စရာကောင်းတဲ့ အခြေအနေပဲ" လို့ Manik Motiram Jagtap က ဆိုပါတယ်။
အဆောက်အအုံပြိုကျရတဲ့ အကြောင်းရင်းကို လတ်ရှိမှာ အတိအကျ မသိနိုင်သေးပါဘူး။ သို့သော် အိန္ဒိယမှာ မုတ်သုံရာသီကာလဖြစ်တဲ့ ဇွန်လမှ စက်တင်ဘာလအတွင်း အဆောက်အအုံပြိုကျမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ အဆောက်အအုံများ အိုဟောင်းနေခြင်းနဲ့ ဆောက်လုပ်ရေးအားနည်းချက်တွေကြောင့် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုဒဏ်ကို မခံနိုင်ဘဲ ပြိုကျလေ့ရှိတယ်လို့ ဆိုပါတယ်။
ယခုနှစ် မုတ်သုံရာသီ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် တောင်အာရှဒေသတစ်ဝန်း သေဆုံးသူ ၁,၃၀၀ နီးပါးရှိပြီဖြစ်ရာ ဒေသတွင်းရှိ အိန္ဒိယတစ်နိုင်ငံတည်းမှာ ၈၄၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
(နောက်ဆက်တွဲသတင်းနဲ့ အချက်အလက် အပြောင်းအလဲရှိလာနိုင်ပါတယ်)