သမ္မတဗလာဒီမာပူတင်ကို လူသိရှင်ကြား ဝေဖန်လေ့ရှိတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ဟာ Novichok အာရုံကြောအဆိပ်ခတ်ခံရပြီးနောက် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဆေးရုံတစ်ရုံမှာ ဆေးကုသမှုခံယူနေရာမှ ပြန်လည်သက်သာလာပြီး ဆေးရုံဆင်းခွင့်ရပြီလို့ သိရပါတယ်။
(Photo: EPA)
Navalny ရဲ့ ကျန်းမာရေးအခြေအနေဟာ လုံလောက်စွာ တိုးတက်လာပြီဖြစ်တာကြောင့် အထူးကြပ်မတ်ကုသမှု ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ဘာလင်မြို့ရှိ Charité ဆေးရုံက ထုတ်ပြန်ပါတယ်။ Navalny က အကူအညီမပါဘဲ မတ်တပ်ရပ်နေတဲ့ ဓာတ်ပုံတစ်ပုံကို ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပြီး ဆရာဝန်တွေက ၎င်းကို အပြည့်အဝ နေပြန်ကောင်းလာစေရန် ကုသပေးခဲ့တယ်လို့ ပြောထားပါတယ်။
ရုရှားအတိုက်အခံခေါင်းဆောင် Navalny အာရုံကြောအဆိပ်မိခဲ့တာဖြစ်ကြောင်း ဂျာမနီပြော
Navalny ဟာ သမ္မတပူတင်ရဲ့ အမိန့်ပေးစေခိုင်းမှုအရ အဆိပ်ခတ်ခံခဲ့ရကြောင်း ၎င်းရဲ့အဖွဲ့က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ရုရှားအစိုးရကတော့ Navalny အဆိပ်ခတ်ခံရမှုမှာ တစ်စုံတရာ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ အခိုင်အမာ ငြင်းဆိုထားပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အစိုးရအဖွဲ့ကို အပြင်းအထန် ဝေဖန်သူတစ်ဦးဖြစ်တဲ့ Navalny ဟာ ဩဂုတ် ၂၀ ရက်နေ့မှာ ဆိုက်ဘေးရီးယားနယ်မြေ Tomsk မြို့မှ မော်စကိုမြို့သို့ လေယာဥ်စီးလာစဥ်အတွင်း နေမကောင်းဖြစ်လာခဲ့ရာ လေယာဥ်ကို Omsk မြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။
(Photo: Reuters)
Navalny ကို ထိုမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကိုမာဝင် (သတိမေ့မြော) သွားခဲ့ပါတယ်။ ထို့နောက် ၎င်းကို ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ Charité ဆေးရုံသို့ လေယာဥ်ဖြင့် ရွှေ့ပြောင်းခေါ်ဆောင်လာခဲ့ပြီး ဆေးကုသခဲ့တာ ဖြစ်ပါတယ်။ Charité ဆေးရုံရဲ့ ထုတ်ပြန်ချက်အရ အသက် ၄၄ နှစ်အရွယ် Navalny ဟာ စုစုပေါင်း ၃၂ ရက်ကြာ ဆေးရုံတက်ရောက်ခဲ့ရပြီး ၎င်းကို အထူးကြပ်မတ်ကုသဆောင်မှာ ၂၄ ရက်ကြာ ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။
"လူနာရဲ့ အခြေအနေတိုးတက်မှုနဲ့ လက်ရှိကျန်းမာရေးအရ အပြည့်အဝ နေပြန်ကောင်းလာနိုင်မယ်လို့ ကုသပေးနေတဲ့ ဆရာဝန်တွေက ယုံကြည်ပါတယ်၊ သို့သော် သူ့ရဲ့အဆိပ်သင့်မှုကြောင့် ဖြစ်နိုင်ခြေရှိတဲ့ ရေရှည်သက်ရောက်မှု အတိုင်းအတာကို ပြောဖို့အတွက် အလွန်စောပါသေးတယ်" လို့ ဆေးရုံရဲ့ ထုတ်ပြန်ချက်မှာ ပြောထားကြောင်း BBC သတင်းက ဖော်ပြပါတယ်။
(Photo: EPA)
Navalny အဆိပ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး လေဆိပ်ကော်ဖီဆိုင်တစ်ဆိုင်မှာ လက်ဖက်ရည်ထဲသို့ အဆိပ်ထည့်လိုက်တယ်လို့ ၎င်းရဲ့အဖွဲ့က ကနဦးကတည်းက သံသယရှိထားခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Navalny ကို အဆိပ်ခတ်ရာမှာ အသုံးပြုခဲ့တဲ့ အာရုံကြောအဆိပ်ကို အဆိပ်ခတ်မခံရမီ တည်းခိုနေထိုင်ခဲ့တဲ့ ဟိုတယ်အခန်းတွင်းရှိ ရေသန့်ဘူးတစ်ဘူးပေါ်မှာ တွေ့ရှိခဲ့ရကြောင်း ၎င်းရဲ့အဖွဲ့က ပြောပါတယ်။
ရုရှားအတိုက်အခံခေါင်းဆောင် Navalny တည်းခိုခဲ့တဲ့ ဟိုတယ်ခန်းထဲမှ ရေဘူးပေါ်မှာ အဆိပ်တွေ့ရဟုဆို
Navalny ရဲ့ အင်စတာဂရမ်မှာ စက်တင်ဘာ ၁၅ ရက်နေ့က လွှင်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ Navalny အဆိပ်ခတ်ခံရတဲ သတင်းထွက်ပေါ်လာပြီးနောက် ၎င်းရဲ့အဖွဲ့က Tomsk မြို့ရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သက်သေပစ္စည်းများကို စုဆောင်းသိမ်းဆည်းနေခဲ့တာ တွေ့ရပါတယ်။
(Photo: Navalny/IG)
ရုရှားအာဏာပိုင်တွေကို မယုံကြည်တာကြောင့် ဟိုတယ်ခန်းထဲမှ သက်သေပစ္စည်းတွေကို စုဆောင်းသိမ်းဆည်းပြီး ဂျာမနီရှိ ဆေးဘက်ဆိုင်အဖွဲ့ထံ့ ပေးပို့ရန်ဖြစ်တယ်လို့ အဆိုပါ အင်စတာဂရမ်ပို့စ်မှာ ပြောထားပါတယ်။ အင်စတာဂရမ်ဗီဒီယိုမှာ ရေသန့်ဘူးငယ်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
Novichok အာရုံကြောအဆိပ်
အာရုံကြော ထိခိုက်ပျက်စီးစေတဲ့ Novichok အဆိပ်ကို ၁၉၇၀ ပြည့်လွန်နဲ့ ၁၉၈၀ ပြည့်လွန် နှစ်များအတွင်း ဆိုဗီယက်ပြည်ထောင်စုနဲ့ ရုရှားတို့က ထုတ်လုပ်ခဲ့ကြပါတယ်။ Novichok ဟာ အခြား အာရုံကြောအဆိပ်များကဲ့သို့ပင် တူညီတဲ့ သက်ရောက်များရှိပြီး အာရုံကြောများမှ ကြွက်သားများထံ ဆက်သွယ်မှုကို ဟန့်တားပြီး ခန္ဓာကိုယ်လုပ်ဆောင်မှု အများအပြား ပျက်ယွင်းမှုဖြစ်စေပါတယ်။
Novichok အဆိပ်ကို အရည်နဲ့ အစိုင်အခဲ ပုံစံနှစ်မျိုးလုံးတွေ့နိုင်ရာ ထိုအဆိပ်ဟာ အလွန်သေးငယ်တဲ့ အမှုန့်လေးများအဖြစ် ပြန့်ကျဲနေနိုင်ကြောင်း သိရပါတယ်။ Novichok ကို အခြား ဓာတုလက်နက်တွေထက် ပိုမိုအဆိပ်သင့်မှုဖြစ်စေရန် ဖန်တီးထုတ်လုပ်ထားရာ အချို့ အမျိုးအစားတွေဟာ ထိခိုက်မှုမြန်ဆန်ပြီး စက္ကန့် ၃၀ မှ ၂ မိနစ်အတွင်း အဆိပ်သင့်နိုင်ပါတယ်။
ရုရှားအတိုက်အခံခေါင်းဆောင် အဆိပ်ခတ်ခံရတဲ့ သံသယဖြစ်ဖွယ် အခြေအနေဖြင့် သတိမေ့မြောနေ
Share