နာမည်ကြီးဂိုဏ်းစတား ရီဒိုနီ ဖာအိဒ်ကို ၎င်းရဲ့ဇာတိမြို့မှာ ပြန်လည်ဖမ်းမိခဲ့ပါတယ်။

ယခုနှစ် ဇွန်လ ၁ ရက်နေ့က ပြင်သစ်အကျဉ်းထောင်တစ်ခုကနေ ထောင်ဖောက်ပြီး ရဟတ်ယာဉ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ နာမည်ကြီး ဂိုဏ်းစတားတစ်ဦးကို ပြန်လည်ဖမ်းမိခဲ့ပြီလို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြင်သစ် နာမည်ကြီးဂိုဏ်းစတား ဖာအိဒ် (Photo: IBO/SIPA/ REX/SHUTTERSTOCK)





နိုင်ငံရဲ့ အလိုအရှိဆုံး ဝရမ်းပြေးဖြစ်သူ နာမည်ကြီးဂိုဏ်းစတား ရီဒိုနီ ဖာအိဒ်ကို ၎င်းရဲ့ ညီအစ်ကိုနှစ်ဦး၊ အခြား အမျိုးသားနှစ်ဦးတို့နဲ့အတူ ပြင်သစ်မြောက်ပိုင်းရှိ ၎င်းရဲ့ဇာတိမြို့ Creil မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၆ နှစ်အရွယ် ဖာအိဒ်ဟာ ဂိုဏ်းစတားရုပ်ရှင်တွေကို နှစ်သက်အားကျသူဖြစ်ပြီး ထိုရုပ်ရှင်များက တိုက်ခိုက်လုယက်မှုတွေ လုပ်ဆောင်နိုင်ရန် ၎င်းကို သင်ကြားပြသပေးတယ်လို့ ဆိုပါတယ်။

ဖာအိဒ်ကို ပြန်လည်ဖမ်းမိခဲ့သည့်နေရာ (Photo: AFP)



ဖာအိဒ်ဟာ မအောင်မြင်တဲ့ ဘဏ်ငွေပို့ကားတစ်စီးကို တိုက်ခိုက်လုယက်မှုအတွက် ထောင်ဒဏ် ၂၅ နှစ် ကျခံနေရစဉ် ထောင်ကနေ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ ဖာအိဒ် ထိုသို့ ထွက်ပြေးနိုင်ရန် ၎င်းရဲ့လူတွေက အကျဉ်းထောင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ကူညီပေးခဲ့ကြပါတယ်။

၎င်းတို့က အစောပိုင်းမှာ Fontenay-Trésigny ရှိ လေကြောင်းပျံသန်းမှု သင်တန်းကျောင်းတစ်ခုမှ ရဟတ်ယာဉ်မောင်း နည်းပြတစ်ဦးကို ဓားစာခံအဖြစ် ရဟတ်ယာဉ်မောင်းနှင်စေကာ ခေါ်ဆောင်လာခဲ့ကြပါတယ်။

အကျဉ်းထောင်ကနေ ဖာအိဒ်ထွက်ပြေးစဉ် အသုံးပြုခဲ့သည့် ရဟတ်ယာဉ် (Photo: Reuters)



ဖာအိဒ်ကို အကျဉ်းထောင်ကနေ ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်စေခဲ့ပြီးနောက်မှာ အဆိုပါ ရဟတ်ယာဉ်မောင်း နည်းပြဖြစ်သူကို ပြန်လွှတ်ပေးခဲ့ကြပါတယ်။ ရဟတ်ယာဉ်မောင်း နည်းပြဖြစ်သူဟာ ထိတ်လန့်တုန်လှုပ်နေပြီး ၎င်းကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဂိုဏ်းစတားဖာအိဒ်က အကျဉ်းထောင်ကနေ ရဟတ်ယာဉ်ဖြင့် လွတ်မြောက်လာခဲ့ပြီးနောက် အနက်ရောင် Renault Megane ကားတစ်စီးဖြင့် ဆက်လက် ထွက်ပြေးသွားကြောင်းလည်း သိရပါတယ်။

ဟောလိဝုဒ် ဂိုဏ်းစတားရုပ်ရှင်ကို အားကျအတုခိုးသူ ဖာအိဒ်

၁၉၇၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဖာအိဒ်ဟာ ပါရီဒေသရဲ့ နာမည်ဆိုးဖြင့်ကျော်ကြားတဲ့အရပ်မှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ ဖာအိဒ်က ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ပါရီမြို့မှာ လက်နက်ကိုင် တိုက်ခိုက်လုယက်မှုနဲ့ ခြောက်လှန့် တောင်းယူမှုတွေ ကျူးလွန်ခဲ့တဲ့ လူဆိုးဂိုဏ်းကို ဦးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။



ထိုအချိန်မတိုင်မီမှာ ဖာအိဒ်က ၎င်းရဲ့လူမှုဘဝဟာ မင်းသား အယ်လ်ပါစီနို ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Scarface အပါအဝင် ဟောလိဝုဒ်ဂိုဏ်းစတား ရုပ်ရှင်တွေအတိုင်း အတုခိုးထားခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဖာအိဒ်က ဟောလိဝုဒ်မင်းသား ရောဘတ်ဒီနဲရိုး ဇာတ်ကားတွေနဲ့ အမေရိကန်ဒါရိုက်တာ မိုက်ကယ်မန်း ရိုက်ကူးတဲ့ သည်းထိတ်ရင်ဖို ရာဇဝတ်မှုဇာတ်ကားတွေကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့ Heat ရုပ်ရှင်ဇာတ်ကား (Photo: Warner Bros.)



၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကျော် ဂိုဏ်းစတားဇာတ်ကား Heat ကို ဒါရိုက်တာ မိုက်ကယ်မန်းက ရိုက်ကူးခဲ့ပြီး မင်းသားရောဘတ်ဒီနဲရိုး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ပါရီမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ပွဲတော်တစ်ခုအတွင်း ဖာအိဒ်က ဒါရိုက်တာ မိုက်ကယ်မန်းထံကို ချဉ်းကပ်ခဲ့ပြီး "ဆရာက ကျွန်တော့်ရဲ့ နည်းစနစ်အကြံပေးပါပဲ" လို့ ပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဖာအိဒ်ကို ၎င်းရေးသားခဲသည့် စာအုပ်ကြော်ငြာနှင့်အတူ တွေ့ရစဉ် (Photo: Reuters)



ဖာအိဒ်က ဒါရိုက်တာ မိုက်ကယ်မန်းရဲ့ ဇာတ်ကားကို အကြိမ်ပေါင်း ဒါဇင်နဲ့ချီ ကြည့်ရှုခဲ့ပြီး ဘဏ်ဓားပြတစ်ဦးအဖြစ် ၎င်းရဲ့ အရည်အချင်း ကောင်းမွန်စေရန် လုပ်ဆောင်ခဲ့ကြောင်းလည်း ပြောခဲ့ဖူးပါတယ်။

ဖာအိဒ်ရဲ့ ထောင်ဒဏ်များ

- ဖာအိဒ်က ၁၉၉၈ ခုနှစ်မှာ လက်နက်ကိုင်လုယက်မှုနဲ့ ဘဏ်မှငွေခိုးမှုတို့ဖြင့် ဖမ်းဆီးခံရပြီးနောက် ထောင်ကျလိုက် ပြန်လွတ်လိုက်ဖြင့် သံသရာလည်နေခဲ့ပါတယ်။

- ၂၀၀၉ ခုနှစ်မှာ လူကောင်းတစ်ဦးအဖြစ် နေထိုင်တော့မယ်လို့ ခံဝန်ကတိပြုခဲ့မှုဖြင့်  ပြစ်ဒဏ်မစေ့မီ လွတ်မြောက်ခဲ့ပါတယ်။ သို့သော် ၂၀၁၁ ခုနှစ်မှာတော့ ၎င်းရဲ့ ခံဝန်ကတိကို ချိုးဖောက်ခဲ့ပြီး ထောင်ထဲကိုပြန်ရောက်ခဲ့ပါတယ်။

ဇွန်လ ၁ ရက်မှာ ဖာအိဒ် လွတ်မြောက်သွားခဲ့သည့် အကျဉ်းထောင် (Photo: Reutes)



- ၂၀၁၃ ခုနှစ်မှာ လိုင်လီမြို့အပြင်ဘက်ရှိ Séquedin အကျဉ်းထောင်ကနေ ထောင်ဖောက်ထွက်ပြေးမှုကြောင့် ၂၀၁၇ ခုနှစ်အတွင်း ဖာအိဒ်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၀ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး အမျိုးသမီးရဲတစ်ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်လုယက်မှုကို ကြိုးကိုင်စီစဉ်ခဲ့မှုဖြင့်လည်း ဖာအိဒ်ကို ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ဖာအိဒ် ထွက်ပြေးခဲ့စဉ်က ဖောက်ခွဲဖျက်ဆီးခဲသည့် ထောင်တံခါး (Photo: EPA)



- ဖာအိဒ်က ပြစ်ဒဏ်အတွက် အယူခံဝင်ခဲ့ပေမဲ့ တရားရုံးက ပယ်ချခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းမှာတော့ မအောင်မြင်ခဲ့တဲ့ တိုက်ခိုက်လုယက်မှုအတွက် ပိုမိုကြီးလေးတဲ့ ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂၅ နှစ် ကျခံစရေန် ဖာအိဒ်ကို အမိန့်ချခဲ့ပါတယ်။ ယခု အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားစဉ် ဖာအိဒ်ဟာ အဆိုပါ ထောင်ဒဏ်ကို ကျခံနေရတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က