ဖလော်ရီဒါကို ဩဂုတ် ၂ ရက် နှောင်းပိုင်းမှာ ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို ဒေသစံတော်ချိန် ဩဂုတ် ၂ ရက် နှောင်းပိုင်းမှာ အပူပိုင်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

(Photo: NOAA/AP)

မုန်တိုင်း Isaias ဟာ ၂၀၂၀ ခုနှစ်ရဲ့ နဝမမြောက် မုန်တိုင်းဖြစ်ပြီး Turks & Caicos ကျွန်းစုနဲ့ ဘဟားမားစ်မှာ ဖြတ်သန်းတိုက်ခတ်ပြီးနောက် ဟာရီကိန်းအဆင့်ကနေ အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့ပါတယ်။ မုန်တိုင်းဟာ ဟာရီကိန်းအဆင့်မှ အားလျော့သွားခဲ့ပေမဲ့ သတိထားကြရန် ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis က ဒေသခံတွေကို သတိပေးခဲ့ပါတယ်။



ပြည်နယ်အာဏာပိုင်တွေက မုန်တိုင်းအန္တရာယ်ရှိတာကြောင့် ကမ်းခြေနဲ့ ပန်းခြံများကိုပိတ်ထားပြီး ယာယီခိုလှုံရေးစခန်းများ စီစဥ်ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ယခု မုန်တိုင်းဝင်မယ့် ဖလော်ရီဒါပြည်နယ်ဟာ အမေရိကန်မှာ COVID-19 ကူးစက်မှုတွေ အဆိုးဆုံးဖြစ်ပွားတဲ့ ပြည်နယ်များအနက် ပါဝင်နေပါတယ်။

(Photo: EPA)

ဖလော်ရီဒါမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄၈၀,၀၀၀ ကျော် စစ်ဆေးတွေ့ရှိထားပြီး ကယ်လီဖိုးနီးယားပြည်နယ်ပြီးလျှင် ဒုတိယ ကူးစက်မှုအများဆုံး ပြည်နယ်ဖြစ်ပါတယ်။ မုန်တိုင်းအန္တရာယ်ကြောင့် ဖလော်ရီဒါရှိ COVID-19 စစ်ဆေးရေးနေရာများကို ယာယီပိတ်ထားပြီး မုန်တိုင်းကြောင့် ယခင်ကတည်းက COVID-19 ကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားနေတဲ့ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာများ ထိခိုက်ပျက်စီးနိုင်ကြောင်း စိုးရိမ်ပူပန်နေကြပါတယ်။

မုန်တိုင်း Isaias အရှိန်ကြောင်း ဖလော်ရီဒါရဲ့ အတ္တလန်တိတ်ကမ်းရိုးတန်းမှာ ဒေသစံတော်ချိန် ဩဂုတ် ၂ ရက် မနက်အစောပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ကြောင်းလည်း သိရပါတယ်။ မုန်တိုင်းဟာ ကမ်းရိုးတန်းတစ်လျှောက် ဖြတ်သန်းနေပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၆၈ မိုင်အထိ ရှိနိုင်ပါတယ်။

မုန်တိုင်း Isaias ဟာ ဖလော်ရီဒါကို မဝင်ရောက်မီ ဒိုမီနီကန်ရီပတ်ဘလစ်နဲ့ ပွာတိုရီကိုတို့မှာ ဖြတ်သန်းတိုက်ခတ်ခဲ့ရာ သစ်ပင်များ အမြစ်မှကျွတ်ထွက်လဲပြိုခြင်း၊ ကောက်ပဲသီးနှံနဲ့ နေအိမ်များ ပျက်စီးခြင်းနဲ့ ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူနှစ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Share

Loading Next Article...
က္က