သီလရှင် ဘွဲ့နာမည်ကတော့ သုန္ဒရာကာရီ ဖြစ်ပါတယ်။

မေသန်းနုကတော့ “သုန္ဒရာကာရီ” ဆိုတဲ့ ဘွဲ့ နာမည်နဲ့ သဘာဝဓမ္မရိပ်သာတရားရိပ်သာမှာ သီလရှင်ဝတ် လိုက်ပြီဖြစ်ပါတယ်။ 

သရုပ်ဆောင် မေသန်းနု ကတော့ ဒီနေ့ ဇူလိုင်(၁၈) ရက် မနက်ပိုင်းက လှည်းကူးမြို့နယ် ဥယျာဉ်ဝကျေးရွာ မှာရှိတဲ့ သဘာဝဓမ္မဂယာ တရားရိပ်သာမှာ သီလရှင်(၁၁) ရက် ဝတ်လိုက်ပြီဖြစ်ပါတယ်။ သီလရှင် ဘွဲ့နာမည်ကိုတော့ “သုန္ဒရာကာရီ”ပါ။ မေသန်းနု အတွက်တော့ ပထမဆုံး အကြိမ် သီလရှင်ဝတ်တာဖြစ်တယ်လို့ Duwun ကို ပြောပြလာပါတယ်။ 



“ ဒီနေ့ သာသနာ့ဘောင်ထဲ ဝင်ဖြစ်တာကလည်း ဒီလိုဝတ်ဖို့ အကြောင်းတိုက်ဆိုင်လာလို့ပေါ့နော်။ သာသနာ့ဘောင်ထဲ ဝင်မယ့် (၁၁) ရက်အတွင်းကိုလည်း တန်ဖိုးရှိရှိသီတင်းသုံးသွားမှာပါ။ အသက်ငယ်တုန်းကတော့ သီလရှင် တစ်ခါ ဝတ်ဖူးတယ်။ အသက်ကြီးမှ ဆိုရင်တော့ ဒါဟာ ပထမဆုံး ဝတ်တာပါ။ အခု စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ပီတိကတော့ ဘာနဲ့မှ မလဲနိုင်ပါဘူး” လို့ သူက ဆိုပါတယ်။ 

မေသန်းနုရဲ့ သားဖြစ်သူမင်းသန့်မောင်မောင်ကလည်းမိခင်ဖြစ်သူကို သီလရှင်ဝတ်နဲ့ မြင်တွေ့ရချိန်မှာမျက်ရည်ဝဲခဲ့တာကိုလည်း တွေ့ရပါတယ်။ သားဖြစ်သူရဲ့ ခံစားချက်အပေါ် သုန္ဒရာကာရီ(သရုပ်ဆောင် မေသန်းနု) က ဇူလိုင်(၁၈) ရက်နေ့ မနက်က သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တဲ့ အလှူမှာ အခုလိုပြောပြလာပါတယ်။ 

“ စိတ်ထဲမှာ ဝမ်းနည်း ဝမ်းသာဖြစ်ရပါတယ်။ သားလေး မျက်ရည်ကျနေတာတွေကို ကိုယ်သိနေတယ်။ အဲဒီအတွက် သူ့ကို အားပေးပြီးတော့ လက်ကလေးကို ဆုတ်ကိုင်ထားမိတယ်။ ဘာပဲဖြစ်ဖြစ်ကိုယ်သွားမယ့် တရားဘာဝနာ လမ်းကြောင်းမှာသံယောဇဉ်ဆိုတာကို ဖြတ်ရမှာလေ။ သားသားလည်း ရဟန်းဝတ်ရမှာဆိုတော့ အဲဒီလမ်းစဉ်အတိုင်းပဲလေ သားသားရယ်လို့ ပြောပြရတယ်” ဆိုပြီးတော့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် မေသန်းနု(May Than Nu)ဟာ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုများနဲ့ ရပ်တည်နိုင်ခဲ့ပြီး အခုချိန်ထိလည်း ပရီသတ်အားပေးမှုရနေတဲ့ သရုပ်ဆောင်တစ်ဦးပါ။ မေသန်းနုကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၂ ခုနှစ်မှာ “မူပိုင်ချစ်သူ”၊ ၁၉၉၅ ခုနှစ်မှာ ”ပုဂံမှာသာတဲ့လ”၊ ၁၉၉၆ ခုနှစ်မှာ “အလင်းဖျော့ကောင်းကင်”၊ ၂၀၀၁ ခုနှစ်မှာ ”ချစ်ခြင်း၏အခြားမဲ့၌" ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုများ ရရှိခဲ့သလို ၂၀၀၂ ခုနှစ်မှာလည်း "ငါသူတစ်ပါးယောကျ်ားမိန်းမ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က