အရင်တစ်ပတ်က အမျိုးသမီးတွေအတွက် နွားနို့သောက်သုံးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပြောပြပြီးပြီဆိုတော့ ဒီတစ်ပတ်မှာ နွားနို့နဲ့ တကိုယ်လုံးကို လှပအောင် ပြုလုပ်လို့ ရတဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်။
ဗီတာမင် ဘီအုပ်စုတွေ ၊ ဟိုက်ဒရိုအက်ဆစ်တွေ ၊ ကယ်လဆီယမ် တွေနဲ့ အန်တီအောက်ဆီဒန့်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ နွားနို့ဟာ အသားအရေအတွက် ကောင်းကျိုးအများကြီး ပေးစွမ်းပါတယ်။ အသားအရေအတွင်း နက်ရှိုင်းဆုံး ဆဲလ်တွေထိ အာနိသင်ထိရောက်ပြီး အသားအရေကို အမြဲ စိုပြေနေစေတဲ့ နွားနို့ကို ဘယ်လိုတွေ အသုံးပြုလို့ရသလဲဆိုတာ တစ်ချက်ချင်းစီ ပြောပြပေးပါမယ်။
သဘာဝမျက်နှာသန့်စင်ဆေးရည်
နွားနို့ဟာ မျက်နှာသန့်စင်ဖို့အတွက် အရမ်းကို အံ့သြစရာကောင်းလောက်အောင် စွမ်းတဲ့ သဘာဝဆေးရည်ပါပဲ။ နွားနို့နဲ့ မျက်နှာသစ်မယ်ဆိုရင် အညစ်အကြေးတွေနဲ့ ပိတ်နေတဲ့ ချွေးပေါက်တွေကို သန့်စင်ပေးသွားမှာဖြစ်ပြီးတော့ ဆားဝက်ခြံနဲ့ ဝက်ခြံ ပေါက်တာတွေကို ကာကွယ်ပေးပါတယ်။ ဂွမ်းစ ဒါမှမဟုတ် အဝတ်သန့်တစ်ခုနဲ့ နို့ကို ယူပြီး မျက်နှာပြင်အနှံ့ကို ပွတ်သပ်ပေးပါ။ မျက်နှာပြင်ပါ်က အညစ်အကြေးတွေ အများကြီး သန့်စင်သွားပါလိမ့်မယ်။ နေ့စဉ်သာ သန့်စင်ပေးမယ်ဆို ကြည်လင်ဝင်းပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်လာပါလိမ့်မယ်။
မျက်နှာပေါင်းတင်ဆေး
အသားအရေတွေ ခြောက်ကပ်နေလို့ အရမ်းစိတ်ညစ်နေတယ်။ ပိုက်ဆံတွေအများကြီးမကုန်ဘဲ အသားအရေကို စိုပြေဝင်းပစေတဲ့ အရာက လက်တကမ်းမှာပဲရှိပါတယ်။ သူကတော့ နွားနို့ပါ။ နွားနို့အတွင်းကို ဝါးဂွမ်းလေးနှစ်လိုက်ပါ။ပြီးရင် ခြောက်သွေ့တယ်လို့ ခံစားရတဲ့ အသားအရေပြင်ပေါ် လိမ်းပါ။ ၁၅ မိနှစ် ဒါမှမဟုတ် မိနှစ် ၂၀ လောက် ငြိမ်ငြိမ်လေးနေပါ။ အသားအရေပေါ်မှာ နွားနို့တွေ ခြောက်ကပ်သွားရင်လည်း မလှုပ်လိုက်ပါနဲ့။ အချိန်စေ့ရင်တော့ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် အသားအရေလေး က ဝင်းပစိုပြေလာပြီး နူးညံ့လာပါလိမ့်မယ်။
ရေချိုးဆပ်ပြာ
အသားအရေတွေ ညစ်နွမ်းနေပြီး မကြည်မလင်ဖြစ်နေတယ်ဆိုရင် နွားနို့နဲ့ ရေချိုးဖို့ အကြံပေးချင်ပါတယ်။ နွားနို့က အသားအရေကို ကြည်လင်စေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ နွားနို့နဲ့ ရေချိုးချတာမျိုးတော့ မဟုတ်ပါဘူး။ ရေမချိုးခင်မှာ နွားနို့လေးကို ဂွမ်းစ သို့ အဝတ်စသန့်သန့် နဲ့ တကိုယ်လုံးအနှံ့သုတ်လိမ်းပြီး ရေချိုးချလိုက်တာမျိးကို ဆိုလိုတာပါ။ ဒီလိုမျိုး တစ်ပတ်ကို သုံးကြိမ် ပြုလုပ်မယ်ဆိုရင်တော့ အသားအရေကြည်လင်လာပါလိမ့်မယ်။ နွားနို့နဲ့ ရေချိုးချင်တယ်ဆိုရင်တော့ နွားနို့ ငါးခွက် ၊ ပျားရည် ခွက်တစ်ဝက် နဲ့ ကြိုက်နှစ်သက်ရာ အလှဆီ ၅စက်လောက်ကို ရေနွေးနဲ့ ရောပြီး ရေချိုးလို့ရပါတယ်။ ဒီလိုသာ ပြုလုပ်ပေးမယ်ဆိုရင်တော့ ကလေးတစ်ယောက်ရဲ့ အသားအရေလို နူးညံ့နေတဲ့ ရလာဒ်မျိုး ရရှိလာမှာပါ။
နေလောင်ဒဏ်လိမ်းဆေး
နေလောင်ဒဏ်တွေကြောင့် ဖြစ်လာတဲ့ အနီကွက်တွေ အမည်းကွက်တွေကိုလည်း နွားနို့နဲ့ ကုစားလို့ရပါသေးတယ်။ နေလောင်ဒဏ်ဖြစ်နေတဲ့ နေရာကို နွားနို့ကလေးနဲ့ ခပ်ပါးပါးလေး လိမ်းပုတ်ပေးပါ။ နူးညံ့လာပြီး နေလောင်ဒဏ်တွေ လျော့ပါးသက်သာလာပါလိမ့်မယ်။
ဝက်ခြံပျောက်ဆေး
ဗီတာမင်အုပ်စုတွေ အများကြီး ပါဝင်တဲ့ နွားနို့ဟာ တကယ်တော့ ဝက်ခြံပျောက်ဆေးပါ။ ဝက်ခြံနေရာတွေကို နွားနို့လေးနဲ့ လိုက်တို့ထားမယ်ဆိုရင် ဝက်ခြံတွေက သိသိသာသာလျော့ပါးသွားမှာပါ။ နွားနို့အသောက်များရင် ဝက်ခြံပေါက်တတ်ပေမယ့် ပေါက်လာတဲ့ ဝက်ခြံတွေကိုလည်း နွားနို့နဲ့ ပြန်လည် နှိမ်နှင်းလို့ရပါတယ်။
Face Scrub
နွားနို့နဲ့ Scrub လုပ်လို့ရပါသေးတယ်။ ဝက်ခြံ ၊ ညစ်နွမ်းနေတဲ့ အသားအရေ နဲ့ ဆဲလ်သေတွေအတွက် နွားနို့နဲ့ ချေးချွတ်လို့ရပါတယ်။ ကယ်လိုရီနည်းတဲ့ ကွေကာအုပ် ( စီးတီးမတ် နဲ့ စင်တာတွေမှာ ဝယ်လို့ရ) တစ်ခုတော့ လိုပါမယ်။ အဲဒီ oatmeal ကို စားပွဲတင်ဇွန်း တစ်ဇွန်း နို့ စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ သမအောင် မွှေပါမယ်။ ပြီးရင်တော့ သန့်စင်ထားတဲ့ မျက်နှာပြင်အနှံ့ လိမ်းပေးရပါမယ်။ ၁၅ မိနှစ်လောက် ထားပြီးရင်တော့ ရေအေးအေးလေးနဲ့ သစ်လိုက်လို့ရပါပြီ။
ခြေဖဝါးနူးညံ့ခရင်မ်
ခြေဖဝါးတွေ ကြမ်းတမ်းလို့ စိတ်ညစ်နေတယ်ဆိုရင်လည်း နွားနို့နဲ့ ခြေဖဝါးတွေ နူးညံ့သွားအောင် လုပ်လို့ရပါတယ်။ နွားနို့ ၂ခွက် ရေနွေး ၄ခွက်ထည့်ထားတဲ့ ရေဇလုံထဲကို ခြေထောက်လေး ထည့်စိမ်ရုံပါပဲ။ နူးညံ့စိုပြေတဲ့ ခြေဖဝါးကို ရရှိရုံသာမက စိတ်ဖိစီးမှုတွေ ၊ နာကျင်မှုတွေကို ပြေပျောက်စေပြီး အနားယူတဲ့ နည်းလမ်းလေးတစ်ခုလည်း ဖြစ်ပါသေးတယ်။
နွားနို့နဲ့ တကိုယ်လုံး လှပနူးညံ့စိုပြေအောင် လုပ်လို့ရတဲ့ နည်းတွေ ပြောပြခဲ့တာပါ။ တစ်ခုသတိထားရမှာကတော့ ကိုယ်ဟာ နွားနို့နဲ့ ဓာတ်မတည့်သူလားဆိုတာ ဆန်းစစ်ဖို့လိုပါတယ်။ အားလုံးပဲ လှသထက် လှနိုင်ကြပါစေ။