ကိုယ်ပိုင် app ecosystem တစ်ခု တည်ဆောက်ဖို့ Huawei ဟာ စတာလင်ပေါင် သန်း ၂၀ ( ဒေါ်လာ ၂၆ သန်း) ရင်းနှီးမြှပ်နှံသွားမယ်လို့ ကြေညာပါတယ်။
ဗုဒ္ဓဟူးနေ့က လန်ဒန်မှာ ကျင်းပတဲ့ developer day ပွဲတစ်ပွဲမှာ Huawei App Galleryအတွက် app တွေ ဖန်တီးဖို့ ယူကေနဲ့ အိုင်ယာလန်က app developers တွေကို ပေါင်သန်း ၂၀ (ဒေါ်လာ ၂၆ သန်း) ပေးမယ်လို့ ပြောခဲ့တာပါ။ developer day မှာ Huawei ဟာ developers တွေဆီက ဝင်ငွေ ၁၅% ပဲ ဖြတ်မယ်လို့ South China Morning Post သတင်းက ဆိုပါတယ်။
Photo: Mobile World Live
Apple နဲ့ Google တို့ကတော့ developers တွေကို အခွန် ၃၀% ကျော် ကောက်တာပါ။ Huawei ရဲ့ ဥရောပဖောက်သည်ဝန်ဆောင်မှု ဒုဥက္ကဌ ဂျမ်မီဂွန်ဇာလိုရဲ့အဆိုအရ Huawei app ecosystem ဟာ အမေရိကန်နည်းပညာကုမ္ပဏီတွေရဲ့ ecosystem ထက် privacy ပိုအားကောင်းပြီး ကြော်ငြာနည်းတဲ့ apps တွေ တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
"ads တွေက ကျွန်တော်တို့အတွက် အရေးမကြီးပါဘူး" လို့ ဂွန်ဇာလိုက ပြောပါတယ်။ developers တွေအနေနဲ့ သူတို့ရဲ့ app တွေကို သုံးစွဲသူတွေရဲ့ home screens မှာ ဈေးကွက်ဖြန့်နိုင်မယ်လို့လည်း ထပ်လောင်းပြောထားပါတယ်။ Huawei ရဲ့ ဖောက်သည်စီးပွားရေးအဖွဲ့ အမှုဆောင်အရာရှိချုပ် ယုချန်တောင်ကတော့ Huawei Mobile Services ecosystem အတွက် ဒေါ်လာ ၃ ဘီလျံအထိ ရင်းနှီးမြှပ်နှံသွားမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလက မြူးနစ်မှာ ပြောခဲ့ပါတယ်။
Photo: sputniknews
အမေရိကန်အစိုးရရဲ့ ကန့်သတ်မှုကြောင့် Google ရဲ့ Android apps နဲ့ services တွေ ရယူမှုကနေ ပိတ်ပင်ခံထားရတဲ့ Huawei ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဥရောပတစ်ခွင်မှာ developer conferences အမြောက်အများ ကျင်းပခဲ့ပြီး Huawei Mobile Services ဖွံ့ဖြိုးရေးအတွက် developers တွေကို ဆွဲဆောင်နေပါတယ်။ လက်ရှိမှာ Huawei Mobile Services ကို နိုင်ငံနဲ့ ဒေသပေါင်း ၁၇၀ ကျော်မှာ သုံးစွဲသူ သန်း ၆၀၀ ကျော် ရှိပြီး ဒီထဲမှာ ဥရောပက သုံးစွဲသူ ၇၂ သန်းလည်း ပါဝင်နေပါတယ်။
Huawei ဟာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ကိုယ်ပိုင် Operating System သစ်ဖြစ်တဲ့ Harmony OS သစ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။ Harmony OS ဟာ Android စနစ်ကို အစားထိုးမယ့် OS ဟုတ်မဟုတ် မသိရသေးပေမယ့် ကုမ္ပဏီအမှုဆောင်တစ်ယောက်ကတော့ လာမယ့် ၂၀၂၀ နှစ်လယ်မှာ Harmony OS ဟာ သုံးဖို့ အသင့်ဖြစ်တော့မယ်လို့ ပြောထားပါတယ်။