လူခန္ဓာကိုယ်က အပူအအေးနဲ့ အထိအတွေ့ကို မည်သို့ ခံစားရကြောင်း ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင်နှစ်ဦးကို ယခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်လိုက်ကြောင်း သိရပါတယ်။
ဒါက အလွန်အရေးပါပြီး ကြီးကျယ်တဲ့ ရှာဖွေတွေ့ရှိမှုပါပဲ
(Photo: Jessica Gow/TT via AP)
ထိတွေ့မှုနဲ့ အပူချိန်ကို အာရုံခံသိရှိနိုင်တဲ့ ဆေးဘက်ဆိုင်ရာ စွမ်းဆောင်မှုအတွက် အမေရိကန်သိပ္ပံပညာရှင်တွေဖြစ်တဲ့ David Julius နဲ့ Ardem Patapoutian တို့ကို နိုဘယ်ဆု ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးက လူ့ခန္ဓာကိုယ်ဟာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခံစားရမှုကို အာရုံကြောစနစ်အတွင်း အီလက်ထရောနစ်သတင်းစကားအဖြစ် မည်သို့ပြောင်းလဲပုံကို ရှာဖွေခဲ့ကြပါတယ်။ ယခုတွေ့ရှိမှုက နာကျင်မှုကို ကုသရာမှာ နည်းလမ်းသစ်များရှိလာစေနိုင်တယ်လို့ ဆိုပါတယ်။
"ဒါက အလွန်အရေးပါပြီး ကြီးကျယ်တဲ့ ရှာဖွေတွေ့ရှိမှုပါပဲ" လို့ နိုဘယ်ဆုရွေးချယ်ရေးကော်မတီမှ Thomas Perlman က ပြောပါတယ်။ ပါမောက္ခ David Julius ရဲ့ ရှာဖွေတွေ့ရှိမှုက ငရုပ်သီးစားတဲ့အခါ ပူလောင်မှုအပေါ် စူးစမ်းလေ့လာရာမှ အစပြုခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းက ငရုပ်သီးရဲ့ အပူဓာတ်ကိုဖြစ်စေတဲ့ capsaicin ဓာတုပစ္စည်းကို စူးစမ်းလေ့လာခဲ့ပါတယ်။ ထိုသို့ စူးစမ်းလေ့လာရာကနေ အပူဓာတ်ကိုဖြစ်စေတဲ့ capsaicin ကို တုံ့ပြန်တဲ့ ခန္ဓာကိုယ်ရှိ ဆဲလ်အစိတ်အပိုင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
(Illustrations: Niklas Elmehed)
"ကျွန်ုပ်တို့ရဲ့ နေစဥ်ဘဝမှာ ဒီထိတွေ့ခံစားမှုတွေကို အလေးမထားကြပါဘူး၊ ဒါပေမဲ့ အပူချိန်နဲ့ဖိအားကို သိနိုင်အောင် အာရုံကြောစနစ် လှုံ့ဆော်မှုက ဘယ်လို အလုပ်လုပ်သလဲဆိုတာက မေးခွန်းတစ်ခုပါ" ဒီမေးခွန်းကို အခုနှစ်ရဲ့ နိုဘယ်ဆုရှင်တွေက အဖြေထုတ်ခဲ့ကြပါပြီ" လို့ ဆုရွေးချယ်ကော်မတီက ပြောပါတယ်။ ယမန်နှစ် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကိုတော့ Hepatitis C (အသည်းရောင် အသားဝါ စီပိုး) ဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ရောဂါပိုးမွှားဗေဒပညာရှင် သုံးဦးကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။
Ref: The Nobel Prize, BBC, AFP