အဆိုတော်ရဲနောင်က အဆိုတော်ရသအတွက် စိတ်မကောင်းဖြစ်တဲ့အကြောင်းတွေရင်ဖွင့်လာပါတယ်။ ရသဟာ စာပေဘက် မှာရော၊ ဂီတဘက် မှာပါ ထူးချွန်သူတစ်ယောက်ဖြစ်တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။
Photo: Ye Naung Fb
အဆိုတော်ရဲနောင်ဟာ မူးယစ်ဆေးဝါးမှုနဲ့ အမှုရင်ဆိုင်နေရတဲ့ အဆိုတော် ရသအတွက် စိတ်မကောင်းဘူးလို့ ဆိုပါတယ်။ အဆိုတော် ရသရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေ အကြောင်းကိုပြောပြခဲ့ပြီး ဆေးမှုနဲ့ အဖမ်းခံနေရတဲ့ အတွက်လည်း အရမ်းကို နှမြောတဲ့ အကြောင်း Duwun Media ကနေ သီးသန့်ပြောပြလာပါတယ်။
'' သူ့လို လူမျိုးက ဒီလိုအမှုမျိုးနဲ့ ရင်ဆိုင်ရလို့ ထောင်ကျသွားတယ်ဆိုတဲ့ အခါမှာ ကျွန်တော် လုံးဝ စိတ်မကောင်းဖြစ်တယ်။ နှမြောတယ်။ ဘာကြောင့်လဲဆိုတော့ မတန်ဘူးလို့ ကျွန်တော်ထင်တယ်။ သူ့လို လူတစ်ယောက် က ဒီလိုအမှုမျိုးနဲ့ ဝင်ရတာ မတန်ဘူးလို့ ကျွန်တော် ထင်တယ်။ တော်တော် နှမြောတယ်'' လို့ သူကဆိုပါတယ်။
နဂိုအခြေအနေထက် အများကြီးခြားနားသွားတယ် ဆိုတဲ့ ရဲနောင်
Photo: Ya tha Page
အဆိုတော် ရသ ဟာ စာပေလေ့လာမှုအားလည်း ကောင်းသလို၊ ဂီတအပိုင်းမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်တဲ့အကြောင်းကိုလည်း ရဲနောင်က ဆက်လက်ပြောပြလာပါတယ်။ ရဲနောင်က အဆိုတော် ရသနဲ့ ရင်းနှီးလာတာတော့ ကြာပြီဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့ က ဒုဌဝတီကို လွန်၍ ဇာတ်ကားမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
'' ကျွန်တော်စိတ်မကောင်းဘူးပေါ့။ တခြားလူတွေနဲ့တော့ ကျွန်တော်မရင်းနှီးပါဘူး ကိုရသနဲ့ ကျွန်တော်နဲ့ ခင်တာတော့ ခင်ပါတယ်။ ဟိုးအရင် ကတည်းက ရင်းနှီးခဲ့ကြတာ။ သူက မြန်မာစာပေကိုအရမ်းလေ့လာတယ်၊ မြန်မာ့ယဉ်ကျေးမှုကို အရမ်းချစ်တဲ့လူ ပြီးတော့ ကိုရသက သီချင်း ဆိုတာ အရမ်းကောင်းတယ်။ သူက Melody လည်းဆိုနိုင်တယ်၊ Rap လည်းကောင်းကောင်းဆိုနိုင်တယ်၊ မြန်မာသံလည်း အရမ်းဆိုနိုင်တယ်။ အဓိကက စာပေလေ့လာတာ အရမ်းကောင်းတယ်'' လို့ သူကဆိုပါတယ်။
Photo: Ye Naung Fb
ရဲနောင်က ဆေးမှုနဲ့ အဖမ်းခံနေရတဲ့ အဆိုတော် ရသကို အခွင့်အရေးရမယ်ဆိုရင် သွားရောက်တွေ့ဆုံချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ ရင်းနှီးမှု ရှိတာကြောင့်လည်း စကားတွေ အများကြီး သွားပြောချင်တယ်လို့ သူကဆိုပါတယ်။
'' ကျွန်တော့် သူငယ်ချင်းတွေ အချုပ်ကျသွားတဲ့အခါမျိုးဆိုရင် ကျွန်တော် သွားကြည့်ဖြစ်ပါတယ်။ ကိုရသကိုလည်း ကျွန်တော်အချိန် အခွင့်အခါ ရလာမယ်ဆိုရင်တော့ ကျွန်တော် သွားကြည့်မှာပါ။ သွားကြည့်ဖို့ကိုလည်း စဉ်းစားထားပါတယ်။ ဒုက္ခရောက်တဲ့ အချိန်မှာ ဘယ်သူမဆို စကားပြောချင်မှာပဲလေ။ ဒါကိုလည်း ရင်းနှီးမှုအရ ကျွန်တော် လုပ်မှာပါ'' လို့ ပြောပါတယ်။
Photo: Ye Naung Fb
ရဲနောင် ဟာ ဂီတဘက်မှာလည်း အနုပညာအလုပ်တွေ တဖြည်းဖြည်းဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲ့ဒီနောက် လက်ရှိအောင်မြင်မှုတွေ ရရှိနေတဲ့ ဒုဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရဲနောင်ကိုယ်တိုင် ဇာတ်ညွှန်းရေးဖွဲ့ထားတာပါ။ ဒီဇာတ်ကားကို ပြည်ပနိုင်ငံတွေ မှာလည်း ပြသလျှက်ရှိတယ်လို့ သိရပါတယ်။