ဘရာဇီးနိုင်ငံ Minas Gerais ပြည်နယ် Brumadinho မြို့အနီးရှိ သံ သတ္တုရိုင်းတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆည်ကျိုးမှုနဲ့ပတ်သက်ပြီး လူငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဆည်ကျိုးမှုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုအဖြစ် အဆိုပါ လူငါးဦးကို ဖမ်းဆီးထားခြင်းလည်း ဖြစ်ပါတယ်။
(Photo: Reuters)
ဆည်ကျိုးကျမှုကြောင့် သတ္တုတွင်းကုမ္ပဏီရဲ့ ကိုယ်တိုင်ယူ စားသောက်ဆိုင်နဲ့ အနီးအနားရှိ လူနေအိမ်တွေကို ရွှံ့နွံများ ဖုံးလွှမ်းသွားခဲ့ပြီး လူ ၆၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆည်ကျိုးမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သူတွေအနက် သုံးဦးဟာ Vale သတ္တုတွင်းကုမ္ပဏီမှ တာဝန်ရှိသူတွေ ဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
Vale ကုမ္ပဏီက ယခုကိစ္စအတွက် ရှေ့နေတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဘရာဇီးအခြေစိုက် Vale ဟာ သံ သတ္တုနဲ့ နီကယ် အများဆုံးထုတ်လုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး သတ္တုတွင်းကုမ္ပဏီလည်း ဖြစ်ပါတယ်။
(Photo: CNN)
Vale ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုအတွက် အလုပ်လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဆော်ပေါလိုမြို့မှာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ဆည်ကျိုးမှုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခဲ့သူ ငါးဦးလုံးကို ရက် ၃၀ ကြာ ထိန်းသိမ်းထားမှာဖြစ်ပြီး Belo Horizonte မြို့မှာ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
Brumandinho မြို့အနီးမှာ ဆောက်လုပ်ထားပြီး သတ္တုတွင်းမှ စွန့်ပစ်အကြွင်းအကျန်များ ထိန်းသိမ်းရန်အသုံးပြုတဲ့ဆည် ကျိုးပေါက်ခဲ့ပြီးနောက် ပျောက်ဆုံးနေသူ ၃၀၀ နီးပါးကို ကယ်ဆယ်ရေးသမားတွေက ဆက်လက် ရှာဖွေနေဆဲဖြစ်ပြီး ၎င်းတို့ကို အသက်ရှင်လျင် ပြန်ရှာတွေ့နိုင်ရန် မျှော်လင့်ချက်အနည်းငယ်သာရှိပါတယ်။
(Photo: Bruno Correia / Nitro)
တနင်္လာနေ့ (ဇန်နဝါရီ ၂၈ ရက်) မှာတော့ ရီယိုဒီဂျနေရိုမြို့ရှိ Vale ကုမ္ပဏီရုံးချုပ် အပြင်ဘက်မှာ ဆည်ကျိုးမှုဖြစ်ရပ်အပေါ် ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြသူတွေက ရုံးချုပ်အဆောက်အအုံ နံရံတွေမှာ 'လူသတ်သမားများ' လို့ ရေးသားခဲ့ကြပါတယ်။ ဆည်ကျိုးမှုဖြစ်ခဲ့ပြီးနောက် Vale ကုမ္ပဏီရဲ့ ဘရာဇီး စတော့ဈေးကွက် ရှယ်ယာဈေးနှုန်းဟာ ဇန်နဝါရီ ၂၈ ရက်မှာ ၂၅ ရာခိုင်နှုန်းအထိ ထိုးကျခဲ့တယ်လို့လည်း BBC သတင်းက ဖော်ပြထားပါတယ်။