ဘိုင်ယန်မြူးနစ်ဟာ မာနေးအတွက် လီဗာပူးကို ဒုတိယအကြိမ်မြောက် ကမ်းလှမ်းချိန်မှာ လက်တွေ့မကျတဲ့ အချက်တွေ ထည့်သွင်းခဲ့တာကြောင့် ငြင်းဆန်ပယ်ချခံခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ မာနေးအတွက် ပေါင်သန်း (၃၀) နဲ့ ကမ်းလှမ်းခဲ့တာပါ။
ဒါပေမယ့် ကနဦးပြောင်းရွှေ့ကြေး ပေါင် (၂၃.၅) သန်းကိုသာ အလုံးအရင်းပေးချေမှာဖြစ်ပြီး ကျန် (၆.၅) သန်းကို မာနေးရဲ့ စာချုပ်သက်တမ်း (၃) နှစ်စီအတွင်း ချန်ပီယံလိဂ်ဖလားနဲ့ ဘလွန်းဒီအော်တို့ရရှိမှသာ ဘိုင်ယန်မြူးနစ်က ပေးချေသွားမယ်လို့ ထည့်သွင်းခဲ့ပါတယ်။ ဒီအချက်ကို လီဗာပူးက လုံးဝလက်မခံဘဲ ငြင်းဆန်ပယ်ချခဲ့ပါတယ်။
ဒါဟာ လက်တွေ့မကျတဲ့ ကမ်းလှမ်းမှုလို့လည်း ဘောလုံးလောကအသိုင်းအဝိုင်းက လှောင်ပြောင်နေပါတယ်။ ပိုဆိုးတာက စပါးတပ်မော်စကိုကပါ ဘိုင်ယန်မြူးနစ်ကမ်းလှမ်းတဲ့ပုံစံကို လှောင်ပြောင်ခဲ့ပြီး ဒီနေရာမှာ ယူနိုက်တက်ပါ ကြားထဲကနေ လှောင်ပြောင်ခံခဲ့ရတာဖြစ်ပါတယ်။ စပါးတပ်မော်စကိုဟာ သူတို့ရဲ့တရားဝင်တွစ်တာအကောင့်ကနေ ဘိုင်ယန်မြူးနစ်ကို အခုလိုပဲ လှောင်ပြောင်ခဲ့တာပါ။
“ဘိုင်ယန်မြူးနစ်က စပါးတပ်မော်စကိုကစားသမား ဆိုဘိုလဗ်အတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို (၁) ထောင်နဲ့ ကမ်းလှမ်းပါတယ်။ အဲ့ဒီနောက် အပိုဆုကြေးအဖြစ် ဘိုင်ယန်မြူးနစ်က ယူရိုဗီးရှင်းသီချင်းဆိုပြိုင်ပွဲမှာ အနိုင်ရခဲ့ရင် ယူရို (၁၀) သန်း၊ ယူနိုက်တက် ဖလားရရင် ယူရို (၁၅) သန်း၊ မက်ဆီသာ ရီးရဲလ်မက်ဒရစ်ကိုရောက်သွားရင် ယူရိုသန်း (၂၀) ထပ်ပေးပါမယ်” လို့ ကမ်းလှမ်းခဲ့တဲ့အကြောင်းကို သရော်ရေးသားခဲ့တာဖြစ်ပါတယ်။
အပိုဆုကြေးအတွက် စပါးတပ်မော်စကို နောက်ပြောင်ထားတဲ့ သီချင်းဆိုပြိုင်ပွဲနဲ့ မက်ဆီကိစ္စက ဖြစ်နိုင်ခြေလုံးဝမရှိတဲ့အပြင် ယူနိုက်တက် ဖလားရတဲ့ကိစ္စကိုလည်း ဖြစ်နိုင်ခြေမရှိတဲ့ကိစ္စအဖြစ် စပါးတပ်မော်စကိုက ထည့်သွင်းနောက်ပြောင်သွားခဲ့တာဖြစ်ပါတယ်။