ယူနိုက်တက်အသင်း ဘန်ကောက်မြို့ကို ရောက်ရှိလာခဲ့တာပါ။

ယူနိုက်တက်ဟာ ဒီကနေ့မှာပဲ ရာသီကြိုခြေစမ်းခရီးစဥ်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ဒီကနေ့ မနက် ဒေသစံတော်ချိန် (၁၀) နာရီ၊ (၄၀) မိနစ်မှာ ရောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ လေယာဥ်ဆိုက်ကပ်ချိန်က သတ်မှတ်ထားတဲ့အချိန်ထက် တနာရီကျော်ကြာ နောက်ကျခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။



ယူနိုက်တက်ဟာ နည်းပြတန်ဟက်ခ် ဦးဆောင်တဲ့နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ကစားသမား (၃၁) ယောက် ပါဝင်လာခဲ့ပြီး လာမယ့် ဇူလိုင် (၁၂) မှာ လီဗာပူးနဲ့ ယှဥ်ပြိုင်ကစားမှာပါ။  ရာဇမင်္ဂလာကွင်းမှာ ကစားမယ့်အဆိုပါပွဲက ယူနိုက်တက်အတွက်ရော၊ လီဗာပူးအတွက်ရောပါ လက်ရှိနွေရာသီအတွက် ပထမဆုံးရာသီကြိုခြေစမ်းပွဲလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီကနေ့ညနေ၊ ဘန်ကောက်မြို့မှာရှိတဲ့ STB အကယ်ဒမီမှာ တံခါးပိတ်လေ့ကျင့်ခန်းပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။

အခု ဘန်ကောက်မြို့ကို ရောက်ရှိလာတဲ့ ယူနိုက်တက်ကစားသမား (၃၁) ယောက်စာရင်းမှာတော့ အသင်းကနေ ထွက်ခွင့်တောင်းထားတဲ့ အဓိကကြယ်ပွင့် ရော်နယ်ဒို ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဇူလိုင် (၄) မှာတည်းက အသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေကို ပါဝင်ခဲ့ရမှာဆိုပေမယ့် မိသားစုကိစ္စအကြောင်းပြချက်တွေနဲ့အတူ လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံတို့ကို ခရီးထွက်ခွာမယ့် ယူနိုက်တက်ကစားသမားစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။

ယူနိုက်တက်ဟာ လက်ရှိနွေရာသီစျေးကွက်မှာလည်း ဘယ်နောက်ခံလူနေရာအတွက် မာလာစီယာတယောက်တည်းကိုသာ ခေါ်ယူနိုင်ပါသေးတယ်။ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ အသင်းကိုရောက်လာချိန်မှာ လူအင်အားဖြည့်တင်းမှုတွေကို အလျင်အမြန်ပြုလုပ်ပြီး ဒီကစားသမားသစ်တွေကို ရာသီကြိုခြေစမ်းပွဲတွေမှာ အသုံးပြုဖို့ ပြင်ဆင်ခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေအတွက်တော့ မျှော်လင့်ထားတာတွေနဲ့ မကိုက်ညီသည့်တိုင် ထိုင်းနိုင်ငံမှာရှိတဲ့ ယူနိုက်တက်ပရိသတ်အများအပြားက အသင်းကို လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဘန်ကောက်မြို့ကို သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က