လတ်တလော ကူးစက်ပျံ့နှံ့နေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ သတင်းမှတုတင်သူနှစ်ဦးကို ထိုင်းအစိုးရက ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
(Photo: AFP)
ထိုင်းအစိုးရ အကြီးတန်းအရာရှိတစ်ဦးက အင်တာနက်အသုံးပြုသူတွေအနေနဲ့ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ သတင်းအချက်အလက်ကို ဆိုရှယ်မီဒီယာမှာ မျှဝေခြင်းမပြုမီ နှစ်ကြိမ်ပြန်စဥ်းစားကြရန်လည်း ဇန်နဝါရီ ၃၀ ရက်နေ့က သတိပေး ပြောကြားလိုက်ပါတယ်။ မြန်မာနဲ့အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းမှာ ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ၁၉ ဦး စစ်ဆေးတွေ့ရှိထားပါတယ်။
ဆိုရှယ်မီဒီယာမှာ ဗိုင်းရပ်စ်အသစ်အကြောင်း သတင်းတုပို့စ်တွေ တင်ခဲ့ကြတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးစွဲချက်တင်ခဲ့ကြောင်း ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင် ဝန်ကြီး Buddhipongse Punnakant က AFP သတင်းဌာနကို အတည်ပြုပါတယ်။ ၎င်းတို့နှစ်ဦးကို ကွန်ပျူတာပြစ်မှုဆိုင်ရာအက်ဥပဒေ ချိုးဖောက်မှုဖြင့် စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။
(Photo: Bangkok Post)
ထိုင်းနိုင်ငံ ဥပဒေအရ ထိုပြစ်မှုဟာ ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒစ်ကျခံရနိုင်ကြောင်းလည်း သိရပါတယ်။ စွဲချက်တင်ခံရသူ နှစ်ဦးအနက် တစ်ဦးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အထင်အမြင်မှားစေတဲ့ ဗီဒီယိုတစ်ခုတင်ခဲ့ပြီး နောက်တစ်ဦးက ထိုင်းနိုင်ငံရှိ ကမ်းခြေမြို့တစ်မြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိရကြောင်း သတင်းတု တင်ခဲ့တာဖြစ်ပါတယ်။
"သူတို့က သတင်းမှားတွေ ဖန်တီးခဲ့တယ်လို့ ဝန်ခံထားပြီးပါပြီ" လို့ Buddhipongse ပြောပါတယ်။ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းတုတင်နေကြောင်း နောက်ထပ် သံသယရှိသူတွေကို စုံစမ်းစစ်ဆေးနေကြောင်းနဲ့ အခြားသူတွေအနေနဲ့ သတိပြုကြရန်လည်း ဝန်ကြီး Buddhipongse က ဆိုပါတယ်။
(Photo: Reuters)
တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရပြီး ကူးစက်ပျံ့နှံ့မှုတွေဖြစ်နေတဲ့ ဗိုင်းရပ်စ်အသစ်နဲ့ ပတ်သက်တဲ့ သတင်းမှားတွေ အင်တာနက်မှာ များပြားစွာထွက်ပေါ်နေပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ကနေ ကုသပျောက်ကင်းတဲ့ ဆေးဝါးများအကြောင်းအထိနဲ့ အကျိုးအကြောင်း အမှန်ကိုမသိရသေးဘဲ တရုတ်တို့ကို အပြစ်ဖို့ကာ မလိုမုန်းထားမှုတွေပင် အင်တာနက်မှာ များပြားစွာ ပျံ့နှံ့နေပါတယ်။
ထိုင်းနိုင်ငံဟာ တရုတ်ခရီးသွားလုပ်ငန်းကို အကြီးအကျယ် မှီခိုအားထားနေရပြီး ထိုင်းအစိုးရအနေနဲ့ ဗိုင်းရပ်စ်ကူးစက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်ရာမှာ နှေးကွေးကြောင်း အွန်လိုင်းမှာ ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ ဝူဟန်မှာစတင်တွေ့ရှိခဲ့ရတဲ့ ဗိုင်းရပ်စ်အသစ်ကြောင့် ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ တရုတ်မှာ လူ ၂၁၃ သေဆုံးပြီး လူ ၉,၆၉၂ ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၉,၈၃၉ ဦး တွေ့ရှိရပါတယ်။
(Photo: Cheewin Sattha/Bangkok Post)
တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ ထိုင်းမှာ ၁၉ ဦး၊ စင်ကာပူမှာ ၁၆ ဦး၊ ဂျပန်မှာ ၁၄ ဦး၊ ဟောင်ကောင်မှာ ၁၂ ဦး၊ တောင်ကိုရီးယားမှာ ၁၁ ဦး၊ ဩစတြေးလျမှာ ၉ ဦး၊ ထိုင်ဝမ်မှာ ၉ ဦး၊ မလေးရှားမှာ ၈ ဦး၊ မကာအိုမှာ ၇ ဦး၊ ပြင်သစ်မှာ ၆ ဦး၊ အမေရိကန်မှာ ၆ ဦး၊ ဂျာမနီမှာ ၅ ဦး၊ ဗီယက်နမ်မှာ ၅ ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၄ ဦး၊ ကနေဒါမှာ ၃ ဦး၊ အီတလီမှာ ၂ ဦး၊ ရုရှားမှာ ၂ ဦး၊ ဗြိတိန်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ ဖင်လန်မှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ အိန္ဒိယမှာ ၁ ဦး၊ ဖိလစ်ပိုင်မှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ ဆွီဒင်မှာ ၁ ဦး တွေ့ရှိရပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့ ညပိုင်းအထိ အာဆီယံဒေသတွင်း ၁၀ နိုင်ငံအနက် ခြောက်နိုင်ငံဖြစ်တဲ့ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်တို့မှာ ဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေ တွေ့ရှိထားပြီး မြန်မာမှာလည်း ဗိုင်းရပ်စ်သံသယရှိသူ သုံးဦးကို ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားရှိပါတယ်။ ထိုင်းမှာ လူတစ်ဦးမှတစ်ဦးသို့ ဗိုင်းရပ်စ်ကူးစက်မှုကိုလည်း ပထမဆုံးအကြိမ် တွေ့ရှိထားကြောင်း သိရပါတယ်။ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ လာအိုတို့မှာတော့ ဗိုင်းရပ်စ်ကူးစက်မှု သို့မဟုတ် သံသယရှိသူ မတွေ့ရသေးပါဘူး။
WHO က ယခုဗိုင်းရပ်စ်ကို Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။
Share