ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဖြစ်ပါတယ်။

လူမင်းတို့ ဇနီးမောင်နှံက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ကိုးတောင်ပြည့်စေတီတော်ကြီးကို ထီးတော်တင်လှူ ကုသိုလ်ယူသွားမယ်လို့ သိရပါတယ်။

Photo: ဧရာဝတီလူမင်း



သရုပ်ဆောင် အကယ်ဒမီ လူမင်း နဲ့ ခင်စံပယ်ဦးတို့ရဲ့ အလှူဖြစ်တဲ့ ကိုးတောင်ပြည့် ကိုးနဝင်းစေတီတော်ကြီးကို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာ ထီးတော်တင်လှူ ပူဇော်သွားမယ်လို့ဆိုပါတယ်။

‘’ "တေဇ သိဒ္ဓိ ၊ အဘယ သုခ "ကိုးတောင်ပြည့် ကိုးနဝင်းစေတီတော် ဗိုလ်ချုပ်မွေးနေ့ ( ၁၃.၂.၂၀၁၉) မှာ ထီးတော်တင်လှူဆက်ကပ်ပါမည်’’ဆိုပြီးတော့ ဧရာဝတီလူမင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လည် ၁ နာရီ ၁၁ မိနစ်ကျော်က တင်ခဲ့တာဖြစ်ပါတယ်။ လူမင်းနဲ့ ခင်စံပယ်ဦး တို့ မိသားစုကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း သာဓု ၃ ကြိမ်ခေါ်ဆိုခဲ့ကြပါတယ်။

လူမင်းနဲ့ ခင်စံပယ်ဦးတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း (၁၃)နှစ်ကြာ ရှိခဲ့ပါပြီ။ အနုပညာလောကထဲမှာ အချိန်ကြာမြင့်စွာ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် လူမင်းဟာ ယခုဆိုရင် သားတစ်ယောက် သမီးတစ်ယောက်နဲ့ သာယာတဲ့ အိမ်ထောင်ရေး ကိုပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo: ဧရာဝတီလူမင်း

သူတို့ဇနီးမောင်နှံဟာ သမီးကြီးဖြစ်သူ ဧရာဝတီလူမင်းကို အခက်အခဲတွေကြားကနေ မွေးဖွားခဲ့ရတယ်လို့ သိရပါတယ်။ သားလေးဖြစ်တဲ့ ဧဝရတ်လူမင်းကိုတော့ မိဘတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်စွမ်းဖို့ မွေးဖွားလာတဲ့ ကလေးတစ်ယောက်လို ကြံဖန် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

''တစ်ယောက်နဲ့ တစ်ယောက်ကလည်း မတူကြဘူး သမီးတုန်းကလည်း သားသမီးက ခက်ခဲတော့ ကလေးမှ ထွန်းကားပါ့မလား ဆိုတဲ့ အချိန်မှာ ကြိုးကြိုးစားစား ခက်ခက်ခဲခဲနဲ့ နည်းပညာအကူအညီတွေနဲ့ရော ဧရာဝတီကို ရယူခဲ့ရတာ ဆိုတော့လေ။ သားကြတော့လည်း မမျှော်လင့်ပဲနဲ့ သမီးမွေးပြီးတော့ တစ်နှစ်လောက်မှာပဲ သားကို ကိုယ်ဝန်စရှိသွားတာပေါ့။ သားကျတော့ မမျှော်လင့်ဘဲ အခက်အခဲမရှိဘဲ မိဘတွေရဲ့ စိုးရိမ်ပူပန်ကြောင့်ကြမှု ဘာမှ မဖြစ်ရပဲ ကိုယ်လိုချင်တဲ့ သားယောကျ်ားလေးလည်းရတယ်။ တနင်္ဂနွေသားလေးလည်းဖြစ်တယ်။ အစရှိသဖြင့်ပေါ့ မိဘတွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်စွမ်းဖို့မွေးဖွားလာတဲ့ ကလေးလိုမျိုးပေါ့ ဒီလိုပဲ မိဘတွေကတော့ ကြံဖန်ပြီး ဂုဏ်ယူတာပေါ့'' ဆိုပြီးတော့ လူမင်းက ပြောပြခဲ့ပါတယ်။

Photo: ဧရာဝတီလူမင်း

ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်မှာတော့လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ယခုလက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာ အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က