ဗြိတိန်မှာ ဗိုင်းရပ်စ်ကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့ အသက်အကြီးဆုံး လူနာဖြစ်တယ်လို့ ယူဆရပါတယ်။

ဗြိတိန်မှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ အသက် ၁၀၆ နှစ်အရွယ် အဘွားတစ်ဦး နေပြန်ကောင်းပြီး ဆေးရုံမှဆင်းနိုင်ခဲ့ရာ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက လက်ခုပ်ဩဘာပေးခဲ့ကြပါတယ်။

(အသက် ၁၀၆ နှစ်အရွယ် Connie Titchen) (Photo: AFP)

ထိုအဘွားဟာ ဗြိတိန်မှာ ဗိုင်းရပ်စ်ကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့ အသက်အကြီးဆုံး လူနာဖြစ်တယ်လို့ ယူဆရပါတယ်။ ဘာမင်ဂမ်မှာနေထိုင်တဲ့ Connie Titchen အမည်ရှိ အဘွားဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် City Hospital မှာ ကုသမှုခံယူခဲ့ကာ သီတင်းသုံးပတ်မပြည့်မီ ဗိုင်းရပ်စ်ကင်းစင်ပြီး နေပြန်ကောင်းသွားခဲ့တာ ဖြစ်ပါတယ်။



(အသက် ၉၉ နှစ်အရွယ် Ermando Piveta) (Photo: Reuters)

"ဒီဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ခဲ့တာ ကျွန်မ အရမ်း ကံကောင်းပါတယ်၊ ကျွန်မရဲ့ မိသားစုကို တွေ့ရဖို့ မစောင့်နိုင်တော့ဘူး" လို့ သူမက ဖွင့်ဟခဲ့ပါတယ်။ ဆေးရုံကနေ ဝှီးချဲဖြင့်ထွက်လာတဲ့ အဘွား Connie Titchen ကို mask တပ်ထားကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေက တန်းစီပြီး လက်ခုပ်ဩဘာပေးခဲ့ကြပါတယ်။

(အသက် ၉၇ နှစ်အရွယ် Gina Dal Colleto) (Photo: Paulo Hoff/Instagram)

Connie Titchen က သူမရဲ့ မိသားစုကိုတွေ့ပြီး အစားကောင်းကောင်းစားချင်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေကို ပြောခဲ့ပါတယ်။ "ကျွန်မ ဗိုက်ဆာတယ်" လို့ သူမက ပြောခဲ့ပါသေးတယ်။ အဘွား Connie Titchen ဟာ လက်ရှိ ဗြိတိန်ဘုရင်မကြီး အဲလဇဘက်သ်ရဲ့ အဘိုးဖြစ်သူ ဂျော့ဂျ်ဗွီ ထီးနန်းစိုးစံစဥ်ကာလ ၁၉၁၃ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ကမ္ဘာစစ်ကြီးနှစ်ခုလုံးကို တွေ့ကြုံဖြတ်သန်းခဲ့ဖူးသူဖြစ်ပြီး ယခုအခါမှာလည်း COVID-19 ကပ်ရောဂါကို ကျော်လွှားနိုင်ခဲ့ပြန်ပါတယ်။

(အသက် ၁၀၇ နှစ်အရွယ် ကော်နီလီယာရက်စ်) (Photo: rijnmond.nl)

ယခုတစ်ပတ်အတွင်း ဧပြီ ၁၄ ရက်နေ့ကလည်း ဘရာဇီးနိုင်ငံမှာ ဒုတိယကမ္ဘာစစ်မှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အသက် ၉၉ နှစ်အရွယ် စစ်ပြန်အဘိုး ဒုတိယဗိုလ်မှူးကြီး Ermando Piveta ဟာ COVID-19 ရောဂါကနေ ပြန်လည်သက်သာခဲ့ပြီး ဆေးရုံဆင်းနိုင်ခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးမှာပင် အသက် ၉၇ နှစ်အရွယ် Gina Dal Colleto အမည်ရှိ အဘွားဟာ COVID-19 ကြောင့် ဧပြီ ၁ ရက်နေ့က ဆေးရုံတက်ခဲ့ရပြီးနောက် နေပြန်ကောင်းသွားကာ ဧပြီ ၁၂ ရက်နေ့မှာ ဆေးရုံဆင်းနိုင်ခဲ့ပါတယ်။

(အသက် ၁၀၄ နှစ်အရွယ် Bill Lapschies) (Photo: KOIN 6)

အမေရိကန်မှ အသက် ၁၀၄ နှစ်အရွယ် Bill Lapschies ဆိုသူ အဘိုးဟာလည်း COVID-19 ကူးစက်ခံရပြီး သေကံမရောက်ခဲ့ဘဲ ပြန်လည်သက်သာလာသူ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရပြီး နေပြန်ကောင်းလာတဲ့ အသက်အကြီးဆုံးသူကတော့ နယ်သာလန်နိုင်ငံ အသက် ၁၀၇ နှစ်အရွယ် ကော်နီလီယာရက်စ် အမည်ရှိ အဘွားဖြစ်တယ်လို့ ဆိုပါတယ်။

Source: Reuters, The Sun

Share

Loading Next Article...
က္က