ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်ဟာ အခက်ခဲဆုံး ရွေးချယ်မှုလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ဟောင်ကောင်မှာ COVID-19 ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် လာမယ့် စက်တင်ဘာ ၆ ရက်မှာ ကျင်းပပြုလုပ်ရန် သတ်မှတ်စီစဥ်ထားတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း အုပ်ချုပ်ရေးမှူးကာရီလမ်က ယနေ့ (ဇူလိုင် ၃၁ ရက်) ကြေညာပါတယ်။

(Photo: Lam Yik/Reuters)

ဟောင်ကောင် ဥပဒေပြုကောင်စီ (ဟောင်ကောင်လွှတ်တော်) ရွေးကောက်ပွဲရက်အသစ်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၅ ရက်အဖြစ် သတ်မှတ်ခဲ့ရာ တစ်နှစ်ကြာ ရွှေ့ဆိုင်းလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်ဟာ နောက်ဆုံးခုနစ်လအတွင်း သူမ ချမှတ်ခဲ့ရတဲ့ အခက်ခဲဆုံး ရွေးချယ်မှုဖြစ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ပြောပါတယ်။



ဟောင်ကောင်ပညာသူတွေရဲ့ ကျန်းမာရေးကို ကာကွယ်ရန် ရည်ရွယ်ကြောင်းလည်း သူမက ဆိုပါတယ်။ ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်ကို ဗဟိုအစိုးရက ထောက်ခံခဲ့တယ်လို့ ကာရီလမ်က ဖြည့်စွက်ပြောခဲ့ပါတယ်။ ဟောင်ကောင် လွှတ်တော်ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတဲ့ကာလမှာ ရွေးကောက်ပွဲရွှေ့ဆိုင်းကြောင်း ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

(Photo: Jonathan Wong)

ဟောင်ကောင်မှာ ဆေးရုံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲနိုင်တဲ့ COVID-19 အကြီးစား ကူးစက်မှုဖြစ်စဥ် ဖြစ်ပွားလုနီးနီး အခြေအနေ ကြုံတွေ့နေကြောင်း အုပ်ချုပ်ရေးမှူး ကာရီလမ်က ယခုသီတင်းပတ်အတွင်း သတိပေးခဲ့ပါတယ်။ COVID-19 ကူးစက်မှုတွေ ပြန်မြင့်တက်နေတဲ့ ဟောင်ကောင်မှာ ကူးစက်မှုထိန်းချုပ်ရန် တင်းကျပ်တဲ့ အစီအမံအသစ်တွေ ဇူလိုင် ၂၉ ရက်နေ့က စတင်သက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် လေဆိပ်အနီးမှာ ကုတင် ၂,၀၀၀ ဆံ့ ယာယီဆေးရုံတစ်ခုကို ဆောက်လုပ်ရန်ပြင်ဆင်ထားကြောင်း ဟောင်ကောင်အစိုးရက ကြေညာထားပါတယ်။ ဟောင်ကောင်မှာ လက်ရှိအချိန်အထိ ဟောင်ကောင်မှာ ကူးစက်ခံရသူ ၃,၂၀၀ ကျော်နဲ့ သေဆုံးသူ ၂၄ ဦး ရှိခဲ့ပါတယ်။

Share

က္က