ဥရောပသမဂ္ဂက စီစဥ်ကျင်းပခဲ့တဲ့ အွန်လိုင်းထိပ်သီးအစည်းအဝေးကို တက်ရောက်လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်များနဲ့ အလှူရှင်များက COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန်နဲ့ ရောဂါရှာဖွေရေးနဲ့ ကုသရေးတို့အတွက် သုတေသနပြုလုပ်ရန် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ လှူဒါန်းကူညီကြမယ်လို့ ကတိပြုခဲ့ကြပါတယ်။
(Photo: AFP)
ယမန်နေ့ (မေ ၄ ရက်) က အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါ ထိပ်သီးအစည်းအဝေးကို နိုင်ငံပေါင်း ၄၀ ခန့်နဲ့ အလှူရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ ယခု အလှူငွေက ကမ္ဘာတစ်ဝှမ်း မကြုံစဖူး ပူးပေါင်းဆောင်ရွက်မှု စတင်လုပ်ဆောင်ရန် အကူအညီဖြစ်စေမယ်လို့ ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen က ပြောပါတယ်။
(Photo: EU Commission)
ယခု လှူဒါန်းငွေများမှ ဒေါ်လာ ၄.၄ ဘီလီယံကို ကာကွယ်ဆေးထုတ်လုပ်ရန် အသုံးပြုသွားမှာဖြစ်ပြီး ဒေါ်လာ ၂ ဘီလီယံကို ကုသမှုအတွက် သုတေသလုပ်ရန်နဲ့ ဒေါ်လာ ၁.၆ ဘီလီယံကို စမ်းသပ်မှုများအတွက် သုံးစွဲသွားမယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။ ဥရောပကော်မရှင်က ကာကွယ်ဆေးအတွက် ဒေါ်လာ ၁ ဘီလီယံ ထည့်ဝင်ရန် ကတိပြုခဲ့ပါတယ်။
ထို့အတူ နော်ဝေနိုင်ငံကလည်း ဒေါ်လာ ၁ ဘီလီယံ၊ ပြင်သစ်၊ ဆော်ဒီအာရေဗျနဲ့ ဂျာမနီတို့က ယူရို သန်း ၅၀၀ စီလှူဒါန်းမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကလည်း ဒေါ်လာ သန်း ၈၀၀ ကျော် ပါဝင်လှူဒါန်းမယ်လို့ အစည်းအဝေးမှာ ကတိပြုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံက COVID-19 ကာကွယ်ဆေးသုတေသန၊ စစ်ဆေးမှုနဲ့ ကုသမှုတို့အတွက် ပေါင်စတာလင် ၃၈၈ သန်း ထည့်ဝင်ကူညီမယ်လို့ ကတိပြုခဲ့ပါတယ်။
(Photo: EU Commission)
ယခု လှူဒါန်းကြတဲ့ နိုင်ငံတွေအနက် အမေရိကန်နဲ့ ရုရှားတို့ မပါဝင်ခဲ့ပါဘူး။ ယမန်နှစ် ဒီဇင်ဘာလကုန်က ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံကတော့ ဥရောပသမဂ္ဂရဲ့ အစည်းအဝေးသို့ ၎င်းရဲ့ သံအမတ်က ကိုယ်စားပြု တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ယခု အွန်လိုင်းထိပ်သီးအစည်းအဝေးကို ဥရောပကော်မရှင်နဲ့အတူ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ နော်ဝေနဲ့ ဆော်ဒီတို့က ပူးပေါင်းစီစဥ် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၃.၆ သန်းကျော် (၃,၆၄၁,၂၀၅ ဦး)၊ သေဆုံးသူ ၂၅၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁.၂ သန်းနီးပါးရှိခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 အတွက် ကာကွယ်ဆေးနဲ့ ကုသဆေးကို ထုတ်လုပ်နိုင်ရန် ကမ္ဘာတစ်ဝှမ်းမှာ အချိန်လု ကြိုးပမ်းနေကြပါတယ်။
Source: AFP, EU Commission, BBC