အီလွန်မတ်စ်ကိုပါ tag တွဲပြီး စိန်ခေါ်ခဲ့တာပါ

ကမ္ဘာ့အငတ်ဘေးပြဿနာကို ဒေါ်လာ ၆ ဘီလျံကျော်နဲ့ ဖြေရှင်းနိုင်ရင် ရှယ်ယာရောင်းလှူမယ်ဆိုတဲ့ Tesla သူဌေးကို WFP က ၆ ဘီလျံတန် အစီအစဉ်ချပြလိုက်ပြီ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ပတ်ကျော်လောက်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ညွှန်ကြားရေးမှူး ဒေးဗစ်ဘီးစလေဟာ CNN အင်တာဗျူးတစ်ခုမှာ ကမ္ဘာ့ပေါ်က ငတ်မွတ်ခေါင်းပါးမှုအရေးကို ဖြေရှင်းဖို့ ဒေါ်လာ ၆ ဘီလျံပဲ လိုပြီး ဒါဟာ အီလွန်မတ်စ်ပိုင်ဆိုင်မှုရဲ့ ၂% ပဲ ရှိတယ်လို့ ပြောခဲ့တာပါ။ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ညွှန်ကြားရေးမှူးဟာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရသူ ၄၂ သန်းအတွက် ဒေါ်လာ ၆.၆ ဘီလျံ အလှူခံခဲ့တာ ဖြစ်ပါတယ်။ 



ဘီးစလေရဲ့ ပြောကြားချက် ထွက်လာပြီးနောက် SpaceX ပိုင်ရှင်နဲ့ Tesla အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ အီလွန်မတ်စ်က ဒေါ်လာ ၆ ဘီလျံနဲ့ အငတ်ဘေးဖြေရှင်းနိုင်ရင် ချက်ချင်း လှူမယ့်အကြောင်း Tweet တင်ခဲ့တာပါ။ "တစ်ခုတော့ရှိတယ်။ လူထုက ဒီငွေတွေကို ဘယ်လို သုံးနေသလဲ အတိအကျသိအောင် ဒါကို အများမြင်သာအောင် Open Source စာရင်းနဲ့ဇယားနဲ့ ပြရမယ်။ " လို့ အီလွန်မတ်စ်က စိန်ခေါ်ခဲ့တာပါ။ 


အီလွန်မတ်စ်ရဲ့ Tweet တက်လာပြီးတဲ့နောက် ဘီးစလေက ဖြေရှင်းချက်အဖြစ် စာလုံးရေ ၁၀၀၀ ပါဝင်တဲ့ အနှစ်ချုပ်အစီရင်ခံစာတစ်စောင်ကို သူ့ Tweet မှာ Link တွဲ တင်ခဲ့ပါတယ်။ ဒီ Link ထဲက အစီရင်ခံစာမှာ UN အနေနဲ့ ဒေါ်လာ ၆.၆ ဘီလျံကို ၄၃ နိုင်ငံက လူပေါင်း သန်း ၄၀ ကျော်ကို ထောက်ပံ့ရာမှာ ဘယ်လို သုံးမယ်ဆိုတာကို ဖော်ပြထားပါတယ်။ 

ဘီးစ်လေ ပို့စ်တင်ထားတဲ့ အစီရင်ခံစာမှာ WFP ဟာ ဒေါ်လာ ၃.၅ ဘီလျံကို အစားအသောက် တိုက်ရိုက်ဝယ်ယူဖြန့်ဖြူးရာမှာ သုံးပြီး ဒေါ်လာ ၂ ဘီလျံကို ဈေးတွေ ဖွင့်လှစ်ထားတဲ့ နေရာတွေမှာ ငွေနဲ့ အစားအသောက် မှာယူစားသောက်နိုင်မယ့် ဘောင်ချာတွေအတွက် သုံးမယ်လို့ ဆိုပါတယ်။ ဒေါ်လာ သန်း ၇၀၀ ကို နိုင်ငံအလိုက် ကိုက်ညီတဲ့ အစားအသောက်ထုတ်လုပ်ရေး အစီအစဉ်သစ်တွေမှာ သုံးစွဲသွားမယ်လို့လည်း ပြောထားပါတယ်။ ကျန်တဲ့ ဒေါ်လာ သန်း ၄၀၀ ကို လုပ်ငန်းလည်ပတ်မှု စံမံခန့်ခွဲရေး ၊ အုပ်ချုပ်ရေးနဲ့ တာဝန်ယူမှုပိုင်း နဲ့ Supply Chain ခန့်ခွဲရာမှာ သုံးသွားမယ်လို့ ဆိုပါတယ်။ 

Photo: ladbible


"ကိုဗစ် ၊ ပဋိပက္ခ ၊ ရာသီဥတုပြဿနာတွေနဲ့ အခုဆို မြင့်တက်လာတဲ့ Supply Chain ကုန်ကျစရိတ်တွေကြောင့် ဆိုးဝါးတဲ့ပြဿနာတွေ ကြုံမယ့်အကြောင်း ကျွန်တော်သတိပေးနေပါတယ်။ အခု အငတ်ဘေးအကျပ်အတည်းဟာ အရေးကြီးသလို မကြုံဖူးအောင် ဆိုးဝါးပါတယ်။ နောက်ပြီး ရှောင်လွှဲလို့ရတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။" လို့ အီလွန်မတ်စ်ကို Tag တွဲထားတဲ့ သီးသန့် Tweet မှာ ဘီးစလေက ရေးထားပါတယ်။ 

"ခင်ဗျားက ရှင်းလင်းပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ အစီအစဉ်တောင်းတယ်။ အခုဒီမှာ အစီအစဉ်ပါပဲ။ ခင်ဗျားနဲ့ ကျုပ်စကားပြောဖို့ အသင့်ဖြစ်နေပြီ။ လူ့အသက်တွေ ကယ်ဖို့ အလေးအနက်ထားတဲ့ ဘယ်သူမဆိုနဲ့လည်း ပြောဖို့ အသင့်ပါပဲ" လို့ ဘီးစလေရဲ့ Tweet မှာ ဖော်ပြထားပါတယ်။ 

ဒေါ်လာ ၂၈၈ ဘီလျံကျော် ချမ်းသာတဲ့ သူဌေးကြီးအီလွန်မတ်စ်ကတော့ အခုလောလောဆယ်အထိ အကြောင်းပြန်ခြင်း မရှိသေးပါဘူး။ 

Share

Loading Next Article...
က္က