၁၉၉၀ ပြည့်လွန်နှစ်တွေက စီးပွားပျက်လုနီးပါးဖြစ်ခဲ့တဲ့ Apple ဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး နည်းပညာကုမ္ပဏီဖြစ်လာပါတယ်။
ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ Apple ရဲ့ စတော့ရှယ်ယာဟာ ၄၆၇.၇၇ ဒေါ်လာဖြစ်လာခဲ့ပြီးနောက် ကုမ္ပဏီရဲ့တန်ဖိုးဟာ ဒေါ်လာ ၂ ထရီလီယံရောက်လာခဲ့တယ်လို့ 9to5Mac သတင်းက ဆိုပါတယ်။ စတော့ရှယ်ယာအစု ၄.၂၇၅ ဒေါ်လာ ပါရှိတဲ့ ဒီကုမ္ပဏီဟာ ဩဂုတ်လဆန်းပိုင်းမှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၂ ထရီလီယံနီးပါးကို ရောက်လာခဲ့တာပါ။
Photo: 9to5mac
iPhone ကုမ္ပဏီ Apple ရဲ့ စတော့တန်ဖိုးဟာ ၂၀၂၀ မှာ ၅၅%နီးပါး မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ဩဂုတ်လဆန်းပိုင်းမှာ Apple ဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။ Wall Street Journal ဟာ Apple ဈေးကွက်တန်ဖိုး ဒေါ်လာ ၂ ထရီလီယံ ကျော်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာမယ်လို့ တင်ကြိုခန့်မှန်းခဲ့ပါတယ်။
လက်ရှိ အမေရိကန်နည်းပညာကုမ္ပဏီတွေထဲမှာ Apple က လွဲပြီး ဒေါ်လာ ၁ ထရီလီယံကျော် တန်တဲ့ ကုမ္ပဏီသုံးခု ရှိပြီး Microsoft (ဒေါ်လာ ၁.၇ ထရီလီယံ) ၊ Amazon (ဒေါ်လာ ၁.၆ ထရီလီယံ) နဲ့ Goolge ရဲ့ မိခင်ကုမ္ပဏီ Alphabet (ဒေါ်လာ ၁.၁ ထရီလီယံ) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ Apple ဟာ ၁၉၉၇ ခုနှစ်မှာ စီးပွားပျက်လုနီးပါး အဖြစ်နဲ့ ကြုံခဲ့ပါတယ်။
Apple စီးပွားရေးအကျပ်ဆိုက်နေချိန်မှာ Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်ဟာ Apple ဟာ ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှပ်နှံခဲ့ပြီး ပြန်ဦးမော့လာအောင် ကူညီခဲ့ပါတယ်။ နောက်ပိုင်းမှာ ကုမ္ပဏီကို ဦးဆောင်ခဲ့တဲ့ စတိဗ်ဂျော့စ် ၊ ကုမ္ပဏီရဲ့ဒီဇိုင်းအကြီးအကဲ ဂျွန်နီအိဗ် နဲ့ လက်ရှိ CEO တင်မ်ကွတ်တို့ရဲ့ ခေါင်းဆောင်မှုအောက်မှာ Apple ဟာ အောင်မြင်မှုရလာခဲ့ပါတယ်။
Photo: aljazeera
စတိဗ်ဂျော့စ်ရဲ့ လက်ထက် ၁၉၈၄ ခုနှစ်မှာ Apple ကနေ Macintosh ကွန်ပျူတာ ၊ ၁၉၉၇ ခုနှစ်မှာ iMac ၊ ၂၀၀၁ မှာ iPod ၊ ၂၀၀၇ ခုနှစ်မှာ iPhone နဲ့ ၂၀၁၀ မှာ iPad တို့ကို မိတ်ဆက်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ စတိဗ်ဂျော့စ်ထောင်ထားတဲ့ NeXT ကွန်ပျူတာကုမ္ပဏီကို Apple က ဝယ်လိုက်ပြီးနောက် ဂျွန်နီအိဗ်နဲ့ တင်မ်ကွတ်တို့ဟာ စတိဗ်ဂျော့စ်နဲ့အတူ လက်တွဲပြီး အလုပ်လုပ်လာတာ ဖြစ်ပါတယ်။
Apple ရဲ့ လက်ရှိ CEO တင်မ်ကွတ်ဟာ ကုမ္ပဏီရှယ်ယာဈေး မြင့်တက်လာပြီးနောက် ဘီလျံနာဘဝကို မကြာသေးမီကပဲ ရောက်ရှိလာခဲ့ပါတယ်။