ကျားဖောင်ပေါ်မှာ ရောင်းစားခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား မောင်မြတ်သူရထွန်းအပြင် နောက်ထပ် ကယ်ထုတ်ခဲ့ရသူ မောင်သက်နဲ့ ညီသွေးတို့အမှုမှာ ကျုးလွန်သူ (၁၆) ဦးရှိပြီး သူတို့ကို ကျောက်တံတားရဲစခန်း၊ လှိုင်သာယာရဲစခန်းနဲ့ ဒလရဲစခန်းတို့မှာ အသီးသီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။
Photo- ဖျာပုံမြို့နယ်အတွင်းက ကျားဖောင်လုပ်ငန်းများ
မောင်သက်ကို ဒလမြို့နယ်ကနေ ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်ဖို့ ဗလကြီးဆိုသူက ရောင်းစားခဲ့ပြီး လုပ်အားခမရဘဲ ခိုင်းစေခံရတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။
မောင်သက်ကိုရောင်းစားခဲ့တဲ့ ဗလကြီးအပါအဝင် ပတ်သက်သူ (၅) ဦးကို ဒလမြို့နယ်မှာ အမှုဖွင့်ထားတယ်လို့ ရန်ကုန်တိုင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး ဝေလွင်က Duwun ကိုပြောပါတယ်။
“ ဗလကြီး၊ ပွဲစားမ ဒေါ်နိုင်နိုင်ကျော်နဲ့ သမီး အေးသက်မာတို့က မောင်သက်ကိုရောင်းစားခဲ့တဲ့အမှုမှာရော၊ မြတ်သူရထွန်းကို ရောင်းစားခဲ့တဲ့အမှုမှာပါ ပါဝင်ပတ်သက်နေပါတယ်။ ဗလကြီးကိုဖမ်းမိထားပြီးပြီ။ ပွဲစားနိုင်နိုင်ကျော်နဲ့ သမီးကတော့ အခုထက်ထိ ထွက်ပြေးတိမ်းရှောင်နေတုန်းပဲ” လို့ ဒုရဲမှူးဝေလွင်က ဆိုပါတယ်။
ညီသွေး ဆိုသူကတော့ မြတ်သူရထွန်းနဲ့ တစ်ဖောင်တည်းမှာ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ပွဲစားကတဆင့် ရောင်းစားခံခဲ့ရကာ လုပ်ခလစာမရဘဲ ဖောင်ပေါ်မှာ အလုပ်လုပ်ခဲ့ရတာကြောင့် ညီသွေးရဲ့အမှုကို လှိုင်သာယာမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားခဲ့ပါတယ်။
ညီသွေးရဲ့အမှုမှာ ပွဲစားမဲကြီး၊ ကြည်လွင်နဲ့ ဇနီး ချိုချိုဝင်း၊ ဇော်မင်းထွန်းနဲ့ သဉ္ဖာထွန်းကျားဖောင်လုပ်ငန်းမှ စာရေးသာယာလင်း (ခ) သားကြီးတို့ကို အမှုဖွင့်ထားပြီး ပွဲစား မဲကြီးကိုတော့ ဖမ်းဆီးမိထားပြီလို့ ဒုရဲမှူးဝေလွင်က ဆက်ပြောပါတယ်။
လက်ရှိ ဖမ်းဆီးရမိထားသူတွေကိုတော့ သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါ အမှု (၃) ခုကို လူကုန်ကူးမှုဥပဒေပုဒ်မ (၂၅) အရ အမှုဖွင့်ထားပြီး အနည်းဆုံးထောင်ဒဏ် (၅) နှစ်ကနေ အများဆုံး(၁၀) နှစ်အထိ ကျခံနိုင်တယ်လို့ သိရပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားနဲ့အတူ ရောင်းစားခံခဲ့ရသူနှစ်ဦးကို ကယ်တင်နိုင်ပြီ