ဆီမြွန်နီဟာ ပထမအကျော့ပွဲအပြီးမှာလည်း ကလော့ပ်နဲ့ လက်ဆွဲမနှုတ်ဆက်ခဲ့တာကြောင့် မေးခွန်းထုတ်ခံနေရတာပါ။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ဒီနေ့ည လီဗာပူးအိမ်ကွင်းမှာ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲအပြီးမှာလည်း ပထမအကျော့နည်းတူ ကလော့ပ်ကို လက်ဆွဲနှုတ်ဆက်သွားမှာ မဟုတ်ဘူးလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ လီဗာပူးနဲ့အက်သလက်တီကိုတို့ဟာ အုပ်စု ပထမအကျော့အဖြစ် အက်သလက်တီကိုကွင်းမှာ ရင်ဆိုင်ခဲ့တုန်းက လီဗာပူးက ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



အဲ့ဒီပွဲမှာ ဂရစ်ဇ်မန်းရဲ့တိုက်ရိုက်အနီကတ်၊ လီဗာပူးရဲ့ ပင်နယ်တီ၊ အက်သလက်တီကိုရဲ့ ပင်နယ်တီကို VAR နဲ့ ပယ်ဖျက်ခဲ့တာ အစရှိတဲ့ အငြင်းပွားဖွယ်ရာတွေ ဖြစ်ပွားခဲ့ပြီး ပွဲအပြီးမှာလည်း ဆီမြွန်နီက ကလော့ပ်နဲ့ လက်ဆွဲမနှုတ်ဆက်ဘဲ အဝတ်လဲခန်းထဲကို ချက်ချင်းဝင်ရောက်သွားခဲ့ပါတယ်။ ဒီအပေါ်မှာလည်း ကလော့ပ်က ဒေါသမထွက်၊ စိတ်မဆိုးဘူးလို့ဆိုထားပြီး ဆီမြွန်နီကလည်း ဒီညပွဲအတွက် အခုလိုပဲ ကြိုတင်ပြောကြားခဲ့ပါတယ်။

ဆီမြွန်နီက “ပွဲအပြီးမှာ နှုတ်ဆက်ရတာတွေကို ကျွန်တော် မကြိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအချိန်မှာ နှစ်ဖက်လုံးက မတူညီတဲ့ စိတ်ခံစားချက်နဲ့ စိတ်လှုပ်ရှားနေလို့ပါ။ ဗြိတိန်မှာ ဒါက လုပ်ရိုးလုပ်စဥ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ လုပ်မှာမဟုတ်ပါဘူး”

“လွဲမှားမှုတွေရှိနေတာကို ကျွန်တော် သဘောမကျပါဘူး။ ကလော့ပ်ကို ကျွန်တော် ပုဂ္ဂိုလ်ရေးအရ ကောင်းကောင်းမသိပေမယ့် သူက ထိပ်တန်းနည်းပြတစ်ယောက်ဖြစ်တယ်၊ ရောက်လေရာ အသင်းတိုင်းမှာ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်ဆိုတာကို သိထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးနည်းပြကလော့ပ်ကတော့ ပွဲပြီးဆုံးချိန်မှာ ဆီမြွန်နီလက်ဆွဲမနှုတ်ဆက်သည့်တိုင် ပွဲမစခင်မှာတော့ လက်ဆွဲနှုတ်ဆက်ဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ လီဗာပူးဟာ ဒီညမှာသာ နိုင်ပွဲရရှိခဲ့ရင်တော့ ချန်ပီယံလိဂ်မှာ (၄) ပွဲကစား၊ (၄) ပွဲနိုင်ရလဒ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။ 

Share

က္က