ဗြိတိန်မှာ စမ်းသပ်ကုသမှု ရလဒ်ကောင်းထွက်ပေါ်ခဲ့ပြီးနောက် Dexamethasone ဝယ်လိုအား မြင့်တက်နေခဲ့ပါတယ်။

ရောဂါပြင်းထန်တဲ့ COVID-19 လူနာတွေမှာ သေဆုံးမှုလျှော့ချနိုင်ကြောင်း တွေ့ရှိထားရပြီး ဈေးသက်သာကာ ပေါပေါများများ ရရှိနိုင်တဲ့ စတီးရွိုက်ဆေး Dexamethasone ကို တိုးမြှင့်ထုတ်လုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇွန် ၂၂ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

(Dxamathasone ထိုးဆေး) (Photo: Getty Images)

ဗြိတိန်မှာ Dxamathasone ဖြင့် စမ်းသပ်ကုသမှု ရလဒ်ကောင်းထွက်ပေါ်ခဲ့ပြီးနောက် ထိုဆေး ဝယ်လိုအား မြင့်တက်နေခဲ့ကြောင်းနဲ့ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မယ်လို့ ယုံကြည်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။ အောက်စ်ဖို့တက္ကသိုလ်မှ အဖွဲ့တစ်ဖွဲ့က ဦးဆောင်တဲ့ သုတေသီတွေက COVID-19 လူနာ ၂,၀၀၀ ခန့်ကို Dxamathasone ဖြင့် ကုသပေးခဲ့ရာ ရောဂါပြင်းထန်သူတွေမှာ သေဆုံးမှု ၃၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့တဲ့ တွေ့ရှိချက်များအရ သိရှိရပါတယ်။



"အချက်အလက်တွေက ပဏာမအဆင့်ပဲ ဖြစ်နေသေးပေမဲ့ လတ်တလော တွေ့ရှိချက်တွေအရ စတီးရွိုက်ဆေး Dxamathasone က ရောဂါပြင်းထန်တဲ့ COVID-19 လူနာတွေကို အသက်ကယ်နိုင်တဲ့ အလားအလာရှိပါတယ်" လို့ Tedros Adhanom Ghebreyesus က ဆိုပါတယ်။

(WHO အကြီးအကဲ Tedros) (Photo: Fabrice Coffrini/AFP)

"နောက် စိန်ခေါ်မှုကတော့ ဆေးထုတ်လုပ်မှု တိုးမြှင့်ဖို့နဲ့ Dxamathasone ကို ကမ္ဘာတစ်ဝှမ်း အလိုအပ်ဆုံးနေရာတွေမှာ အဓိကထားပြီး လျင်လျင်မြန်မြန်နဲ့ အညီအမျှ ဖြန့်ဖြူးရောင်းချဖို့ပဲ ဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။ Dxamathasone ဆေးဟာ ဈေးကွက်ထဲမှာရှိနေခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်ပြီး ပုံမှန်အားဖြင့် ရောင်ရမ်းမှုသက်သာစေရန် အသုံးပြုကြောင်း သိရပါတယ်။

ထိုဆေးကို ရောဂါပြင်းထန်သူ သို့မဟုတ် သေရေးရှင်ရေး ဖြစ်နေသူတွေအတွက် ဆေးရုံမှာ အနီးကပ်စောင့်ကြည်မှုဖြင့် အသုံးပြုသင့်ကြောင်း WHO က အလေးအနက် ပြောထားခဲ့ပါတယ်။ "ဒီဆေးက ရောဂါမပြင်းထန်တဲ့ COVID-19 လူနာတွေအတွက် အလုပ်ဖြစ်တာ သို့မဟုတ် ကာကွယ်မှုအတွက် သုံးနိုင်တာမျိုး အထောက်အထား မရှိပါဘူး၊ အဲဒီလိုမျိုး အသုံးပြုမယ်ဆိုရင် အန္တရာယ်ဖြစ်စေနိုင်ပါတယ်" လို့ WHO အကြီးအကဲက သတိပေးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

(Dxamathasone သောက်ဆေး) (Photo: Medscape)

Dxamathasone ဖြန့်ဖြူးရောင်းချရာမှာ ရောဂါပြင်းထန် COVID-19 လူနာ များပြားနေတဲ့ နိုင်ငံတွေကို ဦးစားပေးဖြစ်ရန်လည်း ၎င်းက တောင်းဆိုလိုက်ပါတယ်။ သို့သော် ထိုဆေးကို ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီတွေအနေနဲ့ အရည်အသွေးအာမခံချက် ပေးရမှာဖြစ်ကြောင်းနဲ့ စံချိန်စံညွှန်းမမီခြင်း သို့မဟုတ် အတုလုပ်ထားတဲ့ ဆေးများ ဈေးကွက်ကို ဝင်ရောက်နေတဲ့ အန္တရာယ်မြ့င်မားကြောင်းလည်း Tedros Adhanom Ghebreyesus က သတိပေးခဲ့ပါတယ်။

Dexamethasone ကို ထိုးဆေးနဲ့ သောက်ဆေး နှစ်မျိုးလုံးအနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရတဲ့ COVID-19 ကပ်ရောဂါ ကူးစက်ခံရသူဦးရေဟာ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်း ၉.၂ သန်းကျော်လွန်လာခဲ့ပြီး သေဆုံးသူ ၄၇၄,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄.၉ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က