အနည်းဆုံး သုံးလကြာ ရွှေ့ဆိုင်းထားမှာဖြစ်ပါတယ်။

ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်မယ့် Brexit အစီအစဉ်ကို ရွှေ့ဆိုင်းထားရန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ မတ်လ ၁၄ ရက်နေ့က ဗြိတိန်လွှတ်တော်မှာ မဲခွဲခဲ့ရာ ထောက်ခံမဲ ၄၁၃ မဲ၊ ကန့်ကွက်မဲ ၂၀၂ မဲ ရလဒ်ထွက်ပေါ်ခဲ့ပြီး ဝန်ကြီးချုပ်ထရီဆာမေ အနေနဲ့ Brexit အစီအစဉ် ရွှေ့ဆိုင်းထားရေး ဥရောပသမဂ္ဂကို တောင်းဆိုရန် ထောက်ခံမဲအသာရခဲ့တယ်။

(ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ) (Photo: Mirror)

လွှတ်တော်မဲခွဲမှုရလဒ်အရ ဗြိတိန်နိုင်ငံဟာ မူလက စီစဉ်ထားခဲ့တဲ့အတိုင်း မတ်လ ၂၉ ရက်မှာ ဥရောသမဂ္ဂမှ နုတ်ထွက်မှုလုပ်ငန်းစဉ် စတင်နိုင်ဖွယ် မရှိတော့ဘူးလို့ ဆိုပါတယ်။ ဗြိတိန်က ၎င်းရဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်တဲ့ ဥရောပသမဂ္ဂနဲ့ ၄၆ နှစ်ကြာ ပူးပေါင်းဆောင်ရွက်လာမှုတွေကို လာမယ့် မတ်လ ၂၉ ရက်မှာ အဆုံးသတ်ရန် မူလက စီစဉ်ထားခဲ့ပါတယ်။



ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မှုဟာ သုံးလကြာ နှောင့်နှေးကြန့်ကြာနိုင်ပြီး ဇွန်လ ၃၀ ရက်မှသာ စတင်နိုင်ဖွယ်ရှိကြောင်း ဝန်ကြီးချုပ်ထရီဆာမေက ပြောပါတယ်။ Brexit အစီအစဉ်ကို ဇွန်လ ၃၀ ရက်မှာ စတင်နိုင်ရန်မှာလည်း ဝန်ကြီးချုပ်ထရီမေနဲ့ ဥရောပသမဂ္ဂတို့ သဘောတူညီမှုကို ဗြိတိန်လွှတ်တော်က ထောက်ခံရန်လိုအပ်ကြောင်း သိရပါတယ်။

(ဗြိတိန်အောက်လွှတ်တော် အစည်းအဝေးမြင်ကွင်း) (Photo: Reuters)

အကယ်၍ လွှတ်တော်က ထပ်မံ ပယ်ချခဲ့ပါက ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးမှာ ပိုမိုကြန့်ကြာနိုင်တယ်လို့ ဆိုပါတယ်။ Brexit နဲ့ပတ်သက်ပြီး မည်သည့် နှောင့်နှေးကြန်ကြာမှုမဆို ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ သဘောတူညီမှုရရှိရန်လည်း လိုအပ်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ထရီဆာမေရဲ့ အစိုးရအဖွဲ့ဝင် ခုနစ်ဦးအပါအဝင် ကွန်ဆာဗေးတစ် လွှတ်တော်အမတ်တွေ Brexit အစီအစဉ် ရွှေ့ဆိုင်းထားရန်ကို ကန့်ကွက်မဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုအခြေအနေအရ ဝန်ကြီးချုပ်ထရီဆာမေဟာ Brexit ရွှေ့ဆိုင်းထားရေး လွှတ်တော်ထောက်ခံမှုရရှိရန် လောဘာပါတီနဲ့ အခြား အတိုက်အခံတွေရဲ့ မဲတွေကို အားကိုးခဲ့ရတဲ့သဘော ဖြစ်ပါတယ်။

(လေဘာပါတီနဲ့ အတိုက်အခံခေါင်းဆောင် ဂျရမီကော်ဘိုင်း) (Photo: BBC)

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မယ့် Brexit အစီအစဉ်ကို လွှတ်တော်က ဇန်နဝါရီ ၁၅ ရက်မှာတစ်ကြိမ်မတ်လ ၁၂ ရက်မှာတစ်ကြိမ် ပယ်ချထားခဲ့ပါတယ်။ ထိုကြောင့်လည်း ဝန်ကြီးချုပ်ထရီဆာမေက ဥရောပသမဂ္ဂမှ နုတ်ထွက်ရေး Brexit အစီအစဉ်ကို ရွှေ့ဆိုင်းထားပြီး ပြင်ဆင်မှုတွေပြုလုပ်ကာ လွှတ်တော်ထောက်ခံမှုရရှိရေး ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

Brexit နဲ့ပတ်သက်ပြီး လွှတ်တော်မဲခွဲမှု နှစ်ကြိမ်တိုင် ရှုံးနိမ့်ခဲ့ခြင်းက ဝန်ကြီးချုပ်ထရီဆာမေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာပါတယ်။ ထရီဆာမေဟာ ဥရောပသမဂ္ဂကနေ ဗြိတန်နုတ်ထွက်ရေး Brexit သဘောတူညီမှုရရှိရန် ဥရောပသမဂ္ဂနဲ့ ၂ နှစ်ကျော်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

(Infographic: BBC)

ဥရောပသမဂ္ဂကနေ နုတ်ထွက်လိုက်ပါက ဗြိတိန်မှာ စီးပွားရေး ကသောင်းကနင်းဖြစ်မှုတွေ ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်ရှိနေကြောင်းလည်း သိရပါတယ်။ Brexit သဘောတူညီမှုကို ဗြိတိန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအား ယခင်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာပြုလုပ်ရန် စီစဉ်ထားခဲ့ပေမဲ့ ဝန်ကြီးချုပ်ထရီဆာမေက ရွှေ့ဆိုင်းခဲ့ပြီး ၎င်းရဲ့အစီအစဉ်ကို လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုပိုမိုရရှိအောင် ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

Brexit ကိစ္စ ညှိနှိုင်းဆွေးနွေးမှု အဆင်မပြေဖြစ်ကာ နိုင်ငံမှာ မတည်ငြိမ်မှုတွေ ပေါ်ပေါက်လာပါက ဘုရင်မကြီး အဲလိဇဘက်သ်နဲ့ တော်ဝင်မိသားစုတွေကို ရွှေ့ပြောင်းပေးရန်အတွက် ဗြိတိသျှအာဏာပိုင်တွေက စစ်အေးခေတ် အရေးပေါ်အစီအစဉ်များကို ပြန်လည်ဖော်ထုတ် ပြင်ဆင်ထားခဲ့ကြောင်း ဖေဖေါ်ဝါရီလအတွင်း The Sunday Times နဲ့ Mail on Sunday သတင်းစာတို့က ဖော်ပြခဲ့ကြပါတယ်။ ဗြိတိန်မှာ Brexit သဘောတူညီမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုနဲ့ ထောက်ခံဆန္ဒပြမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က