မော်ဒယ်သရုပ်ဆောင်ခါရာက ဘဝမှာ မှတ်မှတ်ရရ တစ်ကြိမ်တော့ သရဲခြောက်တာ ခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် သရဲကားတွေဆို တစ်ယောက်တည်း မကြည့်ရဲဘူးတဲ့။
နေပြည်တော်ကို အလုပ်ကိစ္စနဲ့ သွားရင်း တည်းတဲ့ ဟိုတယ်မှာ သရဲခြောက်တာ ခံရတာလို့ ခါရာက Duwun Media သို့ ပြောပြခဲ့တာပါ။
“ ကျွန်တော်တို့ နေပြည်တော်ကို အလုပ်ကိစ္စနဲ့ သွားတုန်းက သရဲခြောက်တာ ခံရဖူးတယ်။ မှတ်မှတ်ရရပါပဲ။ ကျွန်တော်တို့ အဲ့ကိုရောက်တဲ့အချိန်က ၂နာရီလောက်ရှိပြီ ကျွန်တော်တို့ အပေါ်ထပ်မှာ တစ်လွှာပဲ ရှိတော့တယ်။ ကျွန်တော့်တို့လည်း ရောက်ပြီး အထုတ်တွေချ အိပ်ဖို့ ပြင်တုန်းမှာ အပေါ်ကနေ ပြေးတဲ့အသံကြီး ကြားရတာ။ ပြေးတာက ဒုန်းဒုန်းဒုန်းဆိုပြီး အသံကြီးက ကြောက်စရာကြီး။ တစ်ညလုံး လုံးဝအိပ်လို့ မရဘူး။ အဲ့ဒီတစ်ခါတော့ မှတ်မှတ်ရရပဲ “ လို့ သူက ဇန်နဝါရီ(၁၆) ရက်နေ့က ပြုလုပ်တဲ့ ထွန်းကိုကိုရဲ့ မွေးနေ့ပွဲနေ့မှာ ပြောပြခဲ့တာပါ။
Photo : ခါရာ FB
သရဲခြောက်တာ ခံရဖူးတာကြောင့် သရဲကားတွေဆိုလည်း တစ်ယောက်တည်း မကြည့်ရဲဘူးလို့ဆိုပါတယ်။ သရဲအပြင် သူကြောက်တတ်တဲ့ အကောင်တွေလည်း ရှိပါသေးတယ်တဲ့။
“အပြင်မှာ လူလူချင်းဆိုမကြောက်ဘူး။သရဲတော့ကြောက်တယ်။ ပြီးတော့ အကောင်လေးတွေပေ့ါ။ အင်းဆက်လေးတွေဆိုရင်လည်း ရွံကြောက်ပုံစံမျိုးလေးတွေတော့ရှိတယ်။ သေးသေးမွှားမွှားလေးတွေဆိုရင်။ ပိုးဟပ်တို့ ဖားတို့ဆိုရင်လည်းကြောက်တယ်။ သူ့တို့ကို တွေ့တာနဲ့ အော်ပြီးကြောက်တာတော့မဟုတ်ဘူး။ ကြည့်နေရင်းနဲ့ ကိုယ့်ရှေ့က ပျောက်သွားပြီဆိုရင် စိတ္တဇတွေဖြစ်ပြီး လိုက်ရှာရောပဲ” လို့ သူက ဆက်လက်ပြောပြခဲ့ပါသေးတယ်။
Photo : ခါရာ FB
ခါရာဟာ Bonanza ထုတ်လုပ်ရေးနဲ့အတူ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ Professional Model တစ်ယောက် အနေနဲ့ ပရိသတ်တွေ စတင်အားပေးခြင်းကို ခံခဲ့ရသူပါ။ အခုချိန်မှာတော့ ခါရာပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေ၊ ရုပ်ရှင် ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲ တွေကလည်း ပရိသတ်ရှေ့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။မကြာခင်မှာလည်း သူပါဝင်ရိုက်ကူးထားတဲ့ “ မြို့ပြမုဆိုး” ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
Photo : ခါရာ FB
"မြို့ပြမုဆိုး" ရုပ်ရှင်ဇာတ်ကားကြီးကို Bonanza ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာဖြစ်ပြီး ဒါရိုက်တာ ဉာဏ်ထင်က ရိုက်ကူးထားပြီး ရန်အောင်၊ ခါရာ၊ ဇင်ဝိုင်း၊ ပြည့်ဝတီမောင်၊ မင်းမြတ်စိုးစံ၊ခန့်ညား၊ ဂျားဆိုင်းအိန်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။