တာတိုပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် တာတိုပစ်ဒုံးကျည်တွေကို ယနေ့ (ဇူလိုင် ၃၁ ရက်) မနက်အစောပိုင်းမှာ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

(ဇူလိုင် ၂၅ ရက် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကင်မ်ဂျုုံအန် ကြည့်ရှုစဉ်) (Photo: KCNA)

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က အမျိုးအစားသစ် အပါအဝင် ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပြီးနောက် ယနေ့မှာလည်း နောက်ထပ် တာတိုပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို မြောက်ကိုရီးယားက စမ်းသပ်လိုက်တာဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်းပြုလုပ်ရန် စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဟန့်တားရန် ဖိအားပေးမှုအဖြစ် မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုတွေ လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။



ယနေ့ ဒုံးကျည်နှစ်စင်းကို မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်း ဟိုဒိုကျွန်းဆွယ်မှ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား Joint Chiefs of Staff (JCS) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နောက်ထပ် ဒုံးကျည်ပစ်လွှတ်နိုင်မှု အခြေအနေတွေကိုလည်း စောင့်ကြည့်နေကြောင်း JCS က ပြောပါတယ်။

(ဇူလိုင် ၂၅ ရက် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု) (Map: BBC)

JCS ရဲ့ သတင်းထုတ်ပြန်မှုအရ မြောက်ကိုရီးယားက ဒေသစံတော်ချိန် မနက် ၅ နာရီ ၆ မိနစ်နဲ့ ၅ နာရီ ၂၇ မိနစ်မှာ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ ၁၅၅ မိုင် အကွာအဝေးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ယနေ့ ပစ်လတ်လိုက်တဲ့ ဒုံးကျည်တွေဟာ ယခင် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေနဲ့ အမျိုးအစား တူညီပုံမရကြောင်း တောင်ကိုရီးယားသတင်းဌာန Yonhap က ပြောခဲ့ပါတယ်။

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး "မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်တဲ့ သတင်းတွေ ကျွန်တော်တို့ သိရှိထားပါတယ်၊ အခြေအနေကို ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်သွားမှာပါ" လို့ တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး Lee Peters က ပြောပါတယ်။

(ထရန်နဲ့ကင်မ်ဂျုံအန် စစ်မဲ့ဇုန်မှာ တွေ့ဆုံခဲ့စဉ်) (Photo: AFP)

ယခု အခြေအနေအရ လာမယ့်လမှာ ပြုလုပ်ရန်စီစဉ်ထားတဲ့ တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အစီအစဉ်တိုင်း ဆက်လက် လုပ်ဆောင်ခြင်းရှိ မရှိကိုတော့ ဗိုလ်မှူးကြီးက ပြောကြားခဲ့ခြင်းမရှိဘူး။  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ဇွန်လကုန်ပိုင်းက ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာ တွေ့ဆုံခဲ့ကြစဉ် နျူကလီးယားအရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်သွားမယ်လို့ ပြောခဲ့ပါတယ်။

(ဇူလိုင် ၂၅ ရက် မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု) (Map: KCNA)

သို့သော် ထိုနောက်ပိုင်းမှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့များ ပူးပေါင်းပြုလုပ်သွားမယ့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မြောက်ကိုရီးယားက ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဒုံးကျည်ပစ်လွှတ်မှုတွေဟာလည်း တောင်ကိုရီးယားကို လက်နက်များတင်သွင်းနေမှုနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတို့ ရပ်ဆိုင်းရန် အလေးအနက် သတိပေးခြင်းဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောထားပါတယ်။

ကိုရီယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား ဆွေးနွေးမှုတွေဟာ ဗီယက်နမ်နိုင်ငံမှာ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း ထရန့်နဲ့ကင်မ်ဂျုံအန်တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးနောက် ရပ်တန့်နေခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က