ထရန့်ဟာ မြောက်ကိုရီးယားဘက်ပိုင်နက်ထဲကို ခြေချခဲ့တဲ့ ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာပါတယ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်နေရာမှာ ယနေ့ (ဇွန် ၃၀ ရက်) တွေ့ဆုံခဲ့ကြပါတယ်။

(Photo: AP)

ထရန့်နဲ့ကင်မ်ဂျုံအန်တို့က စစ်မဲ့ဇုန်ရှိ နှစ်နိုင်ငံနယ်စပ်မျဉ်းနေရာမှာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီးနောက် ကင်မ်ဂျုံအန်က ထရန့်ကို မြောက်ကိုရီးယားဘက်ခြမ်းသို့ ခေါ်ဆောင်းသွားကာ အတူတကွ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ ထရန့်ဟာ မြောက်ကိုရီးယားပိုင်နက်ထဲကို ခြေချခဲ့တဲ့ ပထမဆုံး အမေရိကန်သမ္မတအဖြစ်လည်း သမိုင်းဝင်ခဲ့ပါတယ်။ ထို့နောက် ၎င်းတို့နှစ်ဦးဟာ နယ်စပ်မျဉ်းနေရာမှာ ဓာတ်ပုံအရိုက်ခံခဲ့ကြပြီး စစ်မဲ့ဇုန်ရဲ့ တောင်ကိုရီးယားဘက်ခြမ်းကို အတူတကွ ပြန်လာခဲ့ကြပါတယ်။

(Photo: AFP/Getty Images)

တောင်ကိုရီးယားဘက်ခြမ်းမှာတော့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ကင်မ်ဂျုံအန်ကို ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ထရန့်နဲ့ ကင်မ်ဂျုံအန်တို့ဟာ ပန်မွန်ဂျုံကျေးရွာရှိ ငြိမ်းချမ်းရေးအိမ်တော် (Peace House) မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ကင်မ်ဂျုံအန်နဲ့ စစ်မဲ့ဇုန်မှာ ယနေ့တွေ့ဆုံမှုဟာ သမိုင်းဝင်နေ့တစ်နေ့ဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြတယ်လို့ သမ္မတထရန့်က ဆိုပါတယ်။

(Photo: AFP/Getty Images)

ကင်မ်ဂျုံအန်ကလည်း သမ္မတထရန့်နဲ့ ယနေ့တွေ့ဆုံမှုဟာ လာမယ့် အနာဂတ်ကာလမှာ အချိန်မရွေး တွေ့ဆုံဆွေးနွေးမှုတွေ ရှိလာနိုင်တယ်လို့ အချက်ပြလိုက်တာဖြစ်ကြောင်း ပြောပါတယ်။ ထရန်နဲ့ကင်မ်ဂျုံအန်တို့ ယနေ့တွေ့ဆုံမှုဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး ယခင်က စင်ကာပူနဲ့ ဗီယက်နမ်တို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

အမေရိကန်သမ္မတထရန့်က ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ G20 ထိပ်သီးအစည်းအဝေးအပြီးမှာ တောင်ကိုရီးယားနိုင်ငံသို့ ယမန်နေ့ (ဇွန် ၂၉ ရက်) နှောင်းပိုင်းက ရောက်ရှိလာခဲ့ပြီး ယနေ့အစောပိုင်းမှာ ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန် Demilitarised Zone (DMZ) ကို လာရောက်ခဲ့တာဖြစ်ပါတယ်။

(Photo: AFP)

ထရန့်နဲ့ကင်မ်ဂျုံအန်တို့ ယနေ့တွေ့ဆုံဆွေးနွေးမှုဟာ သန်း ၈၀ ရှိတဲ့ နှစ်နိုင်ငံ ကိုရီးယားပြည်သူတွေအတွက် မျှော်လင့်ချက်ပေးမှုဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက မှတ်ချက်ပြုခဲ့ပါတယ်။ အမေရိကန်သမ္မတထရန့်က ဂျပန်နိုင်ငံ ဆိုဆာကာမြို့မှာ G20 အစည်းအဝေး တက်ရောက်နေစဉ်အတွင်း ေြမာက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို ကိုရီးယားနှစ်နိုင်ငံနယ်စပ်ရှိ စစ်မဲ့ဇုန်မှာ တွေ့ဆုံကြရန် ကမ်းလှမ်းခဲ့ပါတယ်။

(Photo: Getty Images)

ထရန့်ရဲ့ ကမ်းလှမ်းမှုဟာ အလွန်စိတ်ဝင်စားစရာ အဆိုပြုချက်ဖြစ်ကြောင်း မြောက်ကိုရီးယားကလည်း ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတ ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ဟာ ယမန်နှစ် ဇွန်လ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံခဲ့ကြပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ပူးပေါင်းလုပ်ဆောင်ကြရန် အပါအဝင် သဘောတူညီချက်အချို့ ရရှိခဲ့ကြပါတယ်။

(Photo: AP)

၎င်းတို့နှစ်ဦးဟာ ယခုနှစ် ဖေဖေါ်ဝါရီ ၂၇-၂၈ ရက်မှာလည်း ဗီယက်နမ်နိုင်ငံမှာ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံခဲ့ကြပါတယ်။ သို့သော် ဗီယက်နမ် ထိပ်သီးတွေ့ဆုံမှုမှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ အပြန်အလှန်အားဖြင့် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန်တို့အပေါ် ကွဲလွဲမှုတွေရှိခဲ့ပြီး သဘောတူညီမှုမရရှိဘဲ ပြီးဆုံးခဲ့ပါတယ်။


Source: AFP, Reuters

Share

Loading Next Article...
က္က