မိန်းကလေး ပရိသတ်တွေရဲ့ အချစ်တော် နေခန့်မင်းသစ်ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ မေမေဖြစ်တဲ့ ဒေါ်လူမုန်းခန့် ကတော့ အခုလို ဖွင့်ပြောလာပါတယ်။ တစ်ဦးတည်းသော သားလေးဖြစ်တာကြောင့်လည်း အရမ်းချစ်တယ်လို့ ဒေါ်လူမုန်းခန့် ကဆိုပါတယ်။
Photo: Nay Khant Min Thit Facebook
Myanmar idol Season 3 သီချင်းဆိုပြိုင်ပွဲကနေတဆင့် မိန်းကလေး ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ နေခန့်မင်းသစ်ရဲ့ အကြောင်းတွေကို မေမေဖြစ်သူ ဒေါ်လူမုန်းခင် ကတော့ Duwun Media ကို ပြောပြလာပါတယ်။ ဒီအကြောင်းတွေကို ဘေးကနေ နားထောင်ခဲ့တဲ့ နေခန့်မင်းသစ် ကလည်း ရယ်ရယ် မောမောနဲ့ နားထောင်ခဲ့ပါသေးတယ်။
'' သူကလေ အင်မတန်ကို ရွှတ်ရွှတ်နောက်နောက် နေတတ်တယ်။ သူများကို စရတာတွေဆို သူအရမ်းသဘောကျတယ်၊ ဥပမာ လူတစ် ယောက် သူ့အရှေ့မှာ ခလုတ်တိုက်လို့ လဲသွားတယ်ဆိုရင် သူ အသေရယ်ပြီ။ မျက်ရည်တွေတောင် ကျတဲ့အထိဘဲ။ ပြီးရင် သူများကို သရဲခြောက်တာ အဲ့ဒီလိုတွေ အရမ်းဝါသနာပါတယ်'' လို့ ဆိုပါတယ်။
Photo: Nay Khant Min Thit Facebook
မိန်းကလေး ပရိသတ်တွေများတဲ့ သားလေးအတွက် ဘယ်လို ချွေးမမျိုး လိုချင်တယ်ဆိုတာကိုလည်း ဒေါ်လူမုန်းခင်က ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ တစ်ဦးတည်းသော သားလေး ဖြစ်တာကြောင့်လည်း သမီးလေးလို ချစ်မယ်လို့ ဆက်လက်ပြောပြလာပါတယ်။
'' အန်တီက ဘယ်လိုချွေးမမျိုးရချင်သလဲ ဆိုတဲ့ ဆုံးဖြတ်ထားတာတော့ မရှိဘူး။ သားသားချစ်တဲ့သူကို အန်တီက ချစ်မှာပဲ။ ဘာကြောင့်လဲဆို တော့ အန်တီက ဒီသားလေးတစ်ယောက်တည်းရှိတာလေ။ အဲ့ဒီအတွက် သားသားယူတဲ့ မိန်းကလေးကို ချွေးမအဖြစ်လည်း သတ်မှတ်မှာ မဟုတ်ဘူး သားလေးတစ်ယောက်ပဲရှိတဲ့အတွက် သမီးလေးလိုပဲ သတ်မှတ်မှာ'' လို့ သူကဆိုပါတယ်။
Photo: Nay Khant Min Thit Facebook
ကျွန်တော် မနွဲ့ပါဘူးလို့ ပြောလာတဲ့ နေခန့်မင်းသစ်
နေခန့်မင်းသစ်ဟာ မိခင်ဖြစ်သူ က အင်တာဗျူးမှာ ဖြေဆိုခဲ့တာတွေကို သေသေချာချာ နားထောင်ခဲ့ပါတယ်။ သူ့ အမေနဲ့ သူနဲ့က သားအမိလို ရော၊ သူငယ်ချင်းလိုရော အပေါင်းအသင်းဖြစ်တဲ့အတွက် ပွင့်ပွင့်လင်းလင်းရှိတယ်လို့ ဆိုပါတယ်။ သူ့အမေကို ဘယ်လောက်ချစ်တယ် ဆိုတာ ကိုလည်း ပြောပြလာပါတယ်။
'' အရမ်းလည်းချစ်တယ်၊ ခဏခဏလည်းစိတ်ကောက်တယ်။ ကျွန်တော် Idol ဝင်ပြိုင်ဖြစ်တာကလည်း အမေ့ဆန္ဒကြောင့်ပါ။ ကျွန်တော့် ဆန္ဒ အရဆိုရင် ဝင်မပြိုင်ဖြစ်လောက်ပါဘူး'' ဆိုပြီးတော့ သြဂုတ်လ ၁၈ ရက်နေ့က ပရိသတ်တွေနဲ့ ပထမဦးဆုံး တွေ့ဆုံပွဲမှာ Duwun Media ကို သီးသန့်ပြောပြခဲ့တာဖြစ်ပါတယ်။
Photo: Nay Khant Min Thit Facebook
နေခန့်မင်းသစ်ကို Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကနေ တဆင့် ပရိသတ်တွေ အားပေးလာကြတာဖြစ်ပါတယ်။ ရုပ်ကလည်းချော ဆံပင်အရှည်နဲ့ လိုက်ဖက်သူဖြစ်တာကြောင့်လည်း မိန်းကလေး ပရိသတ်တွေ အားပေးမှု များစွာရရှိခဲ့တာပါ။ ပြိုင်ပွဲမှာ တစ်ဆင့်ချင်း ဝင် ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့်လည်း Myanmar Idol Season 3 (Top-4+1) Result Show မှာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ရပါတယ်။