Photo: Phyo Pyae Sone
ဖြိုးပြည့်စုံဟာ မျှော်နိုင်သမျှ တေးစီးရီးအခွေ ၃ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဇွန်လ ၂၇ ရက်နေ့ အတွက် ပထမဆုံးအလှူအဖြစ် ခေမာသီဝံ မဟာစည် ရိပ်သာ ကျောင်းတိုက် မှာဆရာတော်တွေကို ဝါဆို သင်္ကန်း ဆွမ်းနဲ့ ဝတ္ထု အလှူ၊ လပြည့်နေ့ ဥပုသ် ယူကြမယ့် ယောဂီတွေ ကိုလည်း နေ့လည်စာ အလှူပြု ကြခဲ့တယ်လို့ သိရပါတယ်။ ဒုတိယမြောက်အလှူအဖြစ် သုခရိပ်မြုံ မန္တလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ မှာလည်း သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ အဲ့ဒီနောက် တတိယမြောက်အလှူအဖြစ် မန္တလေး စိတ်ကျန်းမာရေး ဆေးရုံမှာလည်း မုန့်၊ အချို ရည်နဲ့ အလှူငွေတွေလည်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။
'' ဇွန်လ ၂၉ ရက်နေ့ဆိုရင် မျှော်နိုင်သမျှတေးစီးရီးက ၃ နှစ်ပြည့်မှာလေ၊ ၃နှစ်ပြည့်အတွက်ကို မနေ့ကတည်းက တစ်ခုခုလုပ်မယ်ဆိုပြီးတော့ စဉ်းစားထားတာ၊ သူငယ်ချင်းတွေ အားလုံးအားမယ့်ရက်ကို ချိန်းပြီးတော့ လုပ်မယ်ပေါ့။ အစ်ကိုကလည်း အခု မန္တလေးကို ရောက်နေတာ ဆိုတော့ မန္တလေးက မြို့ခံ ညီမလေးတွေက စီစဉ်ပေးထားတာ နေရာ ၃ခုလောက် လှူဒါန်းဖြစ်ခဲ့တယ်'' လို့ ဆိုပါတယ်။
Photo: Phyo Pyae Sone
ဒီနေ့ရဲ့ တတိယမြောက်အလှူဖြစ်တဲ့ မန္တလေး စိတ်ကျန်းမာရေးဆေးရုံမှာလည်း မရှိနွမ်းပါးတဲ့ လူနာတွေအတွက် အစားအသောက်နဲ့ အလှူငွေတွေ လှူဒါန်းဖြစ်ခဲ့တယ်လို့သိရပါတယ်။
'' မန္တလေး စိတ်ကျန်းမာရေးဆေးရုံမှာ မရှိနွမ်းပါးတဲ့ လူနာတွေရှိတယ်လေ သူတို့အတွက် စားသောက်ဖို့အတွက်ရယ်၊ သူတို့ပြန်တဲ့အခါ အပြန် စားရိတ်ရယ်ဆိုတာမျိုးလေးတွေ အတွက်လည်း လက်ခံတယ်။ ဒါမှ မဟုတ် တစ်နေ့စာပေါ့နော် ၊ တစ်နေ့စာကို ဒီမှာရှိတဲ့ လူနာအရေအတွက် ပေါ်မှုတည်ပြီး တစ်မနက်ကို ၁၀၀၀နှုန်းနဲ့ လက်ခံတယ်။ ဒါပေမယ့် အစ်ကိုကတော့ အလှူငွေအဖြစ်နဲ့ပဲ ၂သိန်းလှူခဲ့တယ်။ ကျန်တာကတော့ သူတို့တွေအတွက် နေ့လည်ခင်းစာ အချိုရည်နဲ့ မုန့်တွေ လှူခဲ့တယ်'' လို့ Duwun Mediaကနေ ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေဆို ခဲ့တာပါ။
Photo: Phyo Pyae Sone
တာဝန်ကျေတဲ့သားဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ဖြိုးပြည့်စုံ
ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းတဲ့အခါမှာ သာမန်ဖြစ်နေကြ စိတ်ကြည်နှုးမှုထက် ပိုပြီးတော့ ပီတိဖြစ်တယ်၊ အလှူဒါနမြောက်တယ် ဆိုပြီးတော့လည်း ပြောပြခဲ့ပါသေးတယ်။
'' ငွေကြေးအရ ပိုက်ဆံလှူတာကတော့ အဝေးကလည်းလှူလို့ဖြစ်တယ်။ ဒါပေမယ့် ကိုယ်တိုင်ကိုယ်ကျသွားလှူရတဲ့ အခါကျတော့ သူတို့ တကယ် လိုအပ်နေတာကိုလည်း မြင်ရတယ်၊ လူကိုယ်တိုင်ပါဝင်ခွင့်ရတဲ့အခါကျတော့လည်း သာမန်ဖြစ်တဲ့ ကြည်နှုးမှုတွေထက်စာရင် ပိုပြီးတော့ ပီတိဖြစ်တယ်၊ ခံစားရတယ်။ ကိုယ်တိုင် ကိုယ်ကျသွားလှူတဲ့အခါကျတော့ အချိန်တွေလည်းပေးရတယ်၊ စိတ်တွေရော၊ ပင်ပန်းမှုတွေရောရှိတယ်။ ဒီလိုတွေကြောင့် အလှူကလည်းဖြစ်မြောက်တယ်။ တကယ်ကို အလှူဒါနမြောက်ပါတယ်'' လို့သူကဆိုပါတယ်။
Photo: Phyo Pyae Sone
ဖြိုးပြည့်စုံဟာ ဂီတလောကထဲကို Melody World 2010 သီချင်းဆိုပြိုင်ပွဲ ကနေတဆင့် စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲကြီးပြီးသွားတဲ့နောက်မှာ အွန်လိုင်းပေါ်ကနေ သီချင်းလေးတွေကို မိတ်ဆက်ပေးခဲ့ပြီး ''သိမ်းထားတဲ့ အချစ်'' ၊ '' လရိပ်'' ၊ ''မျှော်နိုင်သမျှ'' စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်ကြားမှာ ရေးပန်းစားခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ မျှော်နိုင်သမျှ Audio CD ကို ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ဒုတိယမြောက်အခွေကိုတော့ ပြင်ဆင်နေတုန်းပဲလို့ ဆိုပါတယ်။