Photo : အေသင်ချိုဆွေ FB
အနုပညာအလုပ်တွေနဲ့ အချိန်အတော်ကြာ အဆက်အသွယ်ပြတ်နေခဲ့တဲ့ အေသင်က အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင် နေပါပြီ။ ပရိသတ်တွေနဲ့လည်း ဖေ့စ်ဘွတ်ကနေ အဆက်အသွယ်အမြဲတမ်း လုပ်ဖြစ်နေသလို သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အသိပေးနေတဲ့ အနုပညာရှင် တစ်ဦးဆိုလည်း မမှားပါဘူး။ သူမဟာ လက်ရှိမှာ သီချင်းသစ်တစ်ပုဒ်ကို အွန်လိုင်းမှာ တင်ဖို့ ပြင်ဆင်နေပါ တယ်။
အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ ပြင်ဆင်နေတဲ့ သူမကို လူတချို့က ချေတယ်လို့ ပြောကြတဲ့အပေါ်ကိုလည်း သူမက ယခုလို ပြန်ဖြေရှင်း ခဲ့ပါတယ်။
Photo : အေသင်ချိုဆွေ FB
"ကျွန်မကို တချို့လူတွေက ချေတယ်လို့ ပြောကြတယ်။ ကျွန်မမချေတတ်ပါဘူး။ ကျွန်မရုပ်တည်တာပါ။ အမြဲတမ်း စပ်ဖြဲဖြဲနေမှ အတော်လောက် သွားကြတာ။ ပုံမှန်နေရင်ချေတယ်ဖြစ်သွားရော၊ မတတ်နိုင်ဘူးလေ အမေက မွေးပေးလိုက်တဲ့ ရုပ်ဆိုတော့လဲ အမြဲစပ်ဖြဲဖြဲ တော့ နေနိုင်ဘူးရယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၇)ရက်နေ့ က ရေးသားထားတာတွေ့ ရပါတယ်။ အေသင်ချိုဆွေဟာ လက်ရှိမှာ ပရိသတ်တွေနားဆင်နိုင်ဖို့ သီချင်းသစ်တစ်ပုဒ်ထွက်ဖို့ကိုလည်း ပြင်ဆင်နေတာပါ။
ဇွန်လထဲမှာ အွန်လိုင်းကနေ သီချင်းသစ်တစ်ပုဒ် ဖြန့်မယ်လို့ ပြောထားတဲ့အတိုင်း မကြာခင်မှာ နားဆင်ရတော့မယ့် သီချင်းနာမည်လေး ကိုလည်း ပရိသတ်တွေနဲ့ ဇွန်လ(၂၂) ရက်နေ့က မိတ်ဆက်ပေးခဲ့ပါတယ်။ သီချင်းနာမည်က "အသဲကွဲသီချင်းတွေမဆိုတော့ဘူး" လို့ ခေါ်ပါတယ်။
Photo : အေသင်ချိုဆွေ FB
သီချင်းနာမည်ကို မိတ်ဆက်ပေးတုန်းပဲ ရှိသေးတယ် ပရိသတ်တွေက သီချင်းကို နားထောင်ချင်နေကြပါပြီ။ အွန်လိုင်းမှာ ဖြန့်မယ့် သီချင်းလေးနဲ့ ပတ်သက်ပြီးတော့လည်း အေသင်ကိုယ်တိုင် Duwun Mediaကို ယခုလို ဖြေဆိုပေးခဲ့ပါသေးတယ်။
"၆ လပိုင်းထဲမှာ Single Song အနေနဲ့ အွန်လိုင်းကနေ ဖြန့်မယ့် သီချင်းတစ်ပုဒ်ပေါ့နော် Comeback အနေနဲ့ ထွက်ဖို့ Recoding တွေလုပ်တယ်။ အဲ့ဒါပြီးပြီဆိုရင်တော့ MTV ရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ သီချင်းက ၂ ပုဒ်ပါ။ တစ်ပုဒ်က ကိုမိုးထက်ရေး ပေးထားတာ၊ နောက် တစ်ပုဒ် က ကိုဝေကြီး ရေးပေးထားတာ သီချင်းနှစ်ပုဒ်က ပုံစံလေးတွေမတူကြဘူး၊ တစ်ပုဒ်ကကျတော့ Pop အသည်းကွဲ သီချင်း တစ်ပုဒ်၊ နောက်တစ်ပုဒ်ကကျတော့ R&B ဘက်သွားတာဆိုတော့ ဘယ်အပုဒ်တင်ပေးရမှန်းမသိဘူး။ နှစ်ပုဒ်စလုံးက ကောင်းတယ်'' လို့ ဆိုပါတယ်။
Photo : အေသင်ချိုဆွေ FB
ပရိသတ်တွေကို မိတ်ဆက်ပေးတော့မယ့် သီချင်းအသစ်လေးကိုလည်း ပရိသတ်ရင်ထဲရောက်စေချင်တယ်လို့ ဆိုပါတယ်။ အကောင်းဆုံး ကြိုးစားထားတာဖြစ်တဲ့အတွက်လည်း အောင်မြင်မယ်လို့ ယုံကြည်ထားတယ်ဆိုတာကို အေသင်ချိုဆွေက ပြောပြခဲ့ပါသေးတယ်။
'' ကိုယ် Comeback အနေနဲ့ ပြန်လုပ်တဲ့ အချိန်မှာ တစ်ပုဒ်ဆို ဆိုသလောက် ပရိသတ်ရင်ထဲကို ရောက်စေချင်တယ်။ နည်းနည်းတော့ ခေါင်းစားရတယ်၊ စိတ်လည်းနည်းနည်းပူရတာပေါ့နော်။ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ ကိုယ်လုပ်လိုက်တဲ့ သီချင်းတစ်ပုဒ်က ပရိသတ်ရင်ထဲရောက်မယ်ဆိုရင်တော့ အောင်မြင်မယ်လို့ ယုံကြည်ထားတယ်'' လို့ သူကဆိုပါတယ်။
အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။
Share