သူ့ရဲ့ ပီတိစကားသံကို အခုလိုပြောပြခဲ့ပါတယ်။

စိန်လင်း (Aroma) ဟာ သောက်သုံးရေရှားပါးလျှက်ရှိတဲ့ ကန်တောင်ကျေးရွာက အိမ်ခြေ ၃၀၀ ကျော်အတွက် ရေအလှူပြုခဲ့တယ်လို့ သိရပါတယ်။ နောက်နှစ်တွေလည်း လာလှူဖို့တောင်းဆိုကြတဲ့ ရွာခံတွေကြောင့်လည်း သူ့ရင်ထဲမှာ အရမ်းကို ခံစားခဲ့ရပါတယ်တဲ့။

အဆိုတော် စိန်လင်းနဲ့ သရုပ်ဆောင် ဆိုင်းမိုင် တို့ အနုပညာမောင်နှမ နှစ်ဦးဟာ ရေရှားပါးနေတဲ့ ဒေသတွေထဲကမှ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၊ ကန်တောင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော် အတွက် သောက်ရေ၊ သုံးရေများ လှူဒါန်းခဲ့ပါတယ်။ ဒီအတွက် စိန်လင်း(Aroma ) ရဲ့ ရင်ထဲက ပီတိစကားကိုလည်း Duwun Media ကနေ ဖြေဆိုပေးခဲ့ပါတယ်။



‘’အဲဒီကိုရောက်တော့ တော်တော်လေးကို ဒုက္ခရောက်နေကြတာ တွေ့ရတယ်။ ရေကန်တွေလည်း ခမ်းခြောက်ကုန်တယ်၊ ရှိတဲ့ရေတွေကလည်း အငန်တွေပဲရှိတယ်ပေါ့။ ရေလာအလှူခံတဲ့ ရွာခံတွေထဲက ပြောတယ် ရေမရတာ ၅ ရက်ရှိပြီပေါ့။ ဒီအချိန်မှာတဲ့ သူတို့ကို ရွှေလာပေးရင်တောင် မလိုချင်ဘူးတဲ့၊ ရေရတာက ရွှေရတာထက် ပိုပျော်တယ်။ ရေလာလှူတာလည်း အရမ်းပျော်တယ်၊ လိုအပ်ချက်တွေ ပြည့်သွားတယ်လို့ ပြောကြတယ်’’လို့ သူကဆိုပါတယ်။

နှစ်တိုင်း ရေရှားပါးလေ့ရှိတဲ့ ကျေးရွာဖြစ်လို့ နောက်နှစ်တွေလည်း လာလှူပါလို့ တောင်းဆိုခဲ့ကြတဲ့ ရွာခံတွေကြောင့် စိန်လင်းကိုယ်တိုင် ဝမ်းနည်း ဝမ်းသာဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

‘’ပီတိကတော့ အတိုင်းမသိဝမ်းသာတယ်။ ကိုယ်တွေရန်ကုန်မှာ ရေပြတ်လပ်သွားတယ်ဆိုတာကို သူတို့လောက် မကြုံခဲ့ကြဘူး။ နွေရာသီ တစ်တွင်းလုံးမှာ ကြုံတွေ့နေရတဲ့ သောက်သုံးရေ ရှားပါးတဲ့ ဒီလို ကျေးရွာတွေက နှစ်တိုင်းကြုံနေရတာပါ။ ဒါကြောင့်လည်း နောက်နှစ်လည်း လာလှူပါဦး ဆိုပြီးတော့ ရွာခံတွေကလည်း တောင်းဆိုကြတယ်။ အရမ်းလည်းခံစားရတယ်။ ဒီနှစ်မှာ ရေသုံးစီးပဲ လှူခဲ့ရတယ်။ နောက်နှစ်ကျရင်တော့ ရေအများကြီး လာလှူမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ပီတိဖြစ်မိတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

စိန်လင်းဟာ အခုလတ်တလောမှာ ပရဟိတအလုပ်တွေ အဆက်မပြတ်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် ဂီတနဲ့ ပတ်သက်ပြီးတော့လည်း သူချစ်တဲ့ ပရိသတ်တွေအတွက် သီချင်းအသစ်တွေလုပ်နေတယ်လို့ သိရပါတယ်။ မကြာသေးခင်ကလည်း အဆိုတော်ရတနာမိုင်နဲ့အတူ သီဆိုထားတဲ့ ‘’ရေမြေခြား’’ ဆိုတဲ့ အချစ်သီချင်းလေးကလည်း ပရိသတ်တွေကြား အရမ်းကို ရေပန်းစားလျှက်ရှိပါတယ်။

အဆိုတော်စိန်လင်း(Aroma) ကတော့ ပေါက်နေပြီ လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော် အခွေကို ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ တာပြီးနောက် ဂီတနဲ့ပတ်သက်ပြီး MTV တွေလည်း ရိုက်ကူးခဲ့ပါသေးတယ်။ လက်ရှိမှာတော့ မြန်မာပြည်သိန်းတန် နဲ့တွဲဖက် သီဆိုထားတဲ့ အန်ကယ်လ်ကတော့ No ပါ Mini Album လေး ကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ အခွေတစ်ခွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က