သရဲကား ရိုက်ကူးရတဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။

လိပ်ပြာစံအိမ်ဆိုတဲ့ သရဲကားတစ်ကားကို ရိုက်ကူးထားတဲ့ ဝတ်မှုံရွှေရည်က အဲဒီကား ရိုက်ကူးရင်း တွေ့ရှိခဲ့ရတဲ့ အတွေ့အကြုံသစ်တွေနဲ့ အမှတ်တရတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က Junction City မှာပြုလုပ်တဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကား သတင်းစာရှင်းလင်းပွဲမှာ ဝတ်မှုံရွှေရည်က အဲဒီကားနဲ့ ပတ်သက်ပြီး ကြောက်လန့်ခဲ့ရတဲ့ အတွေ့အကြုံကို မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

“ဒီဇာတ်လမ်းက ကြောက်ဖို့လည်း ကောင်းတယ်။ မိခင်ရဲ့မေတ္တာလည်း ဖော်ကျူးထားတာလည်း ပါတယ်ပေါ့နော်။ ကစ်က စ ရိုက်ကတည်းကတိုင် ကြောက်တောပဲ” လို့ ဝတ်မှုံရွှေရည်က ပြောပြပါတယ်။

ကစ်က ဒီကားထဲမှာ ကိုယ့်သားသမီးကို တာဝန်ကျေချင်တဲ့ မိခင်၊ အိမ်ထောင်ရှင်မ ပီသချင်တဲ့ အိမ်ထောင်ရှင်တစ်ယောက်အနေနဲ့ ပါဝင်ထားရတာပါ။ ဝတ်မှုံရွှေရည်အတွက် အခက်ခဲဆုံးနဲ့ အကြောက်လန့်ဆုံးဖြစ်ရတာ ပထမဆုံးအနေနဲ့ ရေအောက်ထဲမှာ ရိုက်ကူးရတဲ့အတွေ့အကြုံပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ဖို့ သီးသန့်စီစဉ်ထားတဲ့ ရေကူးကန်ထဲမှာ ရိုက်တာဖြစ်ပေမဲ့ အရမ်းကြောက်ခဲ့ရပါတယ်တဲ့။

“ရေကူးကန်ကလည်း တစ်ခုလုံးမှောင်မဲနေတာ။ ရေနစ်တဲ့အခန်းဆိုတော့ ရေအောက်မျက်စိဖွင့်လိုက်တာနဲ့ ရေကူးကန်အပြာ မမြင်ရဘူး။ အမည်းတွေချည်းပဲဆိုတော့ ကြောက်တာပေါ့နော်။ တစ်နေကုန် ရေကူးကန်ထဲမှာ ရေနစ်တဲ့ Scene ရိုက်တယ်။ တကယ်ကို ရေနစ်တဲ့ အိုက်တင်တွေလုပ်ရင်းနဲ့ ရေနစ်သွားတာ။ ရေမွန်းသွားတာဆိုတော့ အဲဒီမှာ trauma ရသလို ဖြစ်သွားတာ။ ကြောက်သွားတာပေါ့နော်” လို့ ဝတ်မှုံရွှေရည်က ပြန်ပြောပြပါတယ်။

Photo- လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီး Facebook Page

သရဲကားတစ်ကားအနေနဲ့ အတွေ့အကြုံတွေက အရမ်းများပြီး စိတ်မကောင်းဖွယ်ရာတွေ၊ သည်းထိပ်ရင်ဖိုတွေ ရိုက်နေရင်းနဲ့ကို အများကြီး ရှိခဲ့သလို အခက်အခဲတွေလည်း အများကြီး ရှိခဲ့တယ်လို့ သူမက ဆိုပါတယ်။ ဒါပေမဲ့ ဒီကားရိုက်ကူးရတာ ကျေနပ်တယ်လို့ ကစ်က ပြောပါတယ်။ 

ဝတ်မှုံရွှေရည်က လူလေးက နုနုဖတ်ဖတ်လေးပေမဲ့ သရဲကြောက်တတ်ပုံတော့ မရပါဘူး။ သရဲကိုတော့ အယုံအကြည်ရှိတယ်လို့ သူမက ဆိုပါတယ်။ သရဲကြောက်တတ်လားဆိုတဲ့ မေးခွန်းကို ကစ်က “အဲဒီလိုတော့ မဟုတ်ပါဘူး။ အယုံအကြည်တော့ ရှိတယ်” လို့ ပြန်ဖြေခဲ့တာပါ။

နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုံရွှေရည်၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်နဲ့ တုံတုံတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းလူမျိုး ဒါရိုက်တာ ChaarChai Ketnust က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယား၊ ဂျပန်၊ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ မလေးရှား၊ ထိုင်ဝမ်၊ ဘရူးနိုင်း၊ ဗီယက်နမ်၊ လာအို၊ အိန္ဒိယစတဲ့ နိုင်ငံတွေမှာ ပြသသွားမယ်လို့ သိရပါတယ်။



Share

Loading Next Article...
က္က